ဒေးဒရဲ သြဂုတ် ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့် တစ်ဦးနှင့်တစ်ဦး ကူးစက်မှု လျော့နည်းစေရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို မြို့ပေါ်နှင့် ကျေးရွာအုပ်စုများရှိ စုရပ်(၁၁)ခုတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ် ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ထိုးနှံပေးလျက်ရှိရာ ဌာနဆိုင်များနှင့် အသင်းအဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံရန် (၁၈)နှစ်အထက် လျာထားဦးရေ (၁၅၈၉၁၃)ဦး၊ ကာကွယ်ဆေး ထိုးနှံပြီးစီးသူ(၁၄၉၂၈၇)ဦးရှိပြီး အပိုဆောင်းထိုးနှံမှုအဖြစ် ပြည်သူ (၁၃၈၀၀) ဦးအား တတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပြီးစီးကြောင်း သိရပြီး အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိသူ(၉၆၂၆)ဦးကို ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပြီးစီးရေး ပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရသည်။
အေဇာလင်း