ဘဒ္ဒန္တမာနိတာလင်္ကာရ (သာသနဓဇဓမ္မာစရိယ၊ မဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ၊ ဒီဃဘာဏက) မဟာထေရ် ဆရာတော်ကြီးသက်တော် (၇၁)နှစ်၊ သိက္ခာတော် (၅၁)ဝါ၏အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာသဘင်ကျင်းပ

ပုသိမ် ဩဂုတ် ၃

ပုသိမ်မြို့ အမှတ်(၂) ရပ်ကွက်၊ နိဂြောဓာလမ်း၊ မောင်းထောင်ပရိယတ္တိစာသင်တိုက်ကြီး၏ တိုက်အုပ်စာချ ကထိကဆရာတော် လဇ္ဇီပေသလ၊ သိက္ခကာမ၊ ဝိနယဂရုက ဖြစ်တော်မူသော တိုင်းဒေသကြီး သံဃာ့ နာယကအဖွဲ့ အကျိုးတော်ဆောင် (ရွှေကျင်) ဘဒ္ဒန္တ မာနိတာလင်္ကာရ (သာသနဓဇဓမ္မာစရိယ၊ မဟာဂန္ထဝါစက ပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ဒီဃဘာ ဏက) မဟာထေရ် ဆရာတော်ကြီး၊ သက်တော် (၇၁)နှစ်၊ သိက္ခာတော်(၅၁)ဝါ၏ အန္တိမ အဂ္ဂိဈာပန သာဓုကီဠနပူဇာသဘင် အခမ်းအနားအား ယမန်နေ့ နံနက်ပိုင်းက ပုသိမ်မြို့ အမှတ်(၂)ရပ်ကွက်၊ နိဂြောဓာလမ်း၊ မောင်းထောင်ပရိယတ္တိစာသင်တိုက်ကြီး၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရဟန်းရှင်လူပရိသတ်များ တက်ရောက် ဖူးမြော်ကြည်ညိုကြသည်။

ဦးစွာ ဆရာတော်သံဃာတော် အရှင်မြတ်များ အမှူးပြုသော ပရိသတ်အားလုံးက "သဗ္ဗေသင်္ခါရာ အနိစ္စာ" အစချီသော သုံးဂါထာကို ရွတ်ဆိုကာ သံဝေဂဉာဏ်ပွားများ၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒါ စရိယ၊ နိဂြောဓာရုံညောင်ပင်သာ ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တဝိဿုတ မဟာထေရ် အရှင်သူမြတ်ထံမှ ငါးပါး သီလခံယူ ဆောက်တည်ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ပရိတ်သတ်များမှ ဆရာတော်အရှင်သူမြတ်တို့အား သင်္ကန်းစသော လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး မောင်းထောင်ကျောင်းပရိယတ္တိစာသင်တိုက်၊ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တမာနိတာ လင်္ကာရ၏ ထေရုပ္ပတ္တိအကျဉ်းကို မြောင်းမြ ကျောင်းပရိယတ္တိစာသင်တိုက် တိုက်အုပ်ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တပညာ သီရိရတနာဘိဝံသက ဖတ်ကြားပူဇော်ပြီးနောက် တိုင်းဒေသကြီးသံဃနာယက အဖွဲ့ဥက္ကဋ္ဌ (ရွှေကျင်)၊ သာသနဓဇဓမ္မာစရိယ၊ ပါဠိပါရဂူ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဉာဏိဒ္ဒ တိုက်ကြီး ကျောင်း ဆရာတော် အရှင်သူမြတ်ထံမှ မရဏာနုဿတိ ဓမ္မသံဝေဂဒေသနာ တော်ကို နာကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ အခမ်းအနားအား ရုပ်သိမ်းခဲ့ပြီး ဘဒ္ဒန္တမာနိတာလင်္ကာရ မဟာထေရ် ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပနအား  နိုင်ငံတော်ဩဝါဒါ စရိယဆရာတော်ကြီးများ၊ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဆရာတော်ကြီးများ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အစီအစဉ်တကျ ဆက်လက်ကျင်းပပြုခဲ့‌ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)