ပင်လည်ဘူးမြို့၌ (CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသော စပါးမျိုးစေ့ထုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းစေရေး၊ စပါးအထွက်နှုန်း ကောင်းစေ‌ရေး ကွင်းဆင်းဆောင်ရွက်

ပင်လည်ဘူး  စက်တင်ဘာ  ၁၁

စစ်ကိုင်းတိုင်းဒေသကြီး  ပင်လည်ဘူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ (CERP)အစီအစဥ်ဖြင့် မိုးစပါးမျိုးစေ့ထုတ်ကွက်များကို ဧက ၃၁၀ စိုက်ပျိုး ထားရှိရာ  စပါးမျိုးစေ့ထုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းစေရေး၊ စပါးအထွက်နှုန်းကောင်းစေ‌ရေးအတွက် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးမျိုးအောင်နှင့်ဝန်ထမ်းအဖွဲ့သည် ယမန် နေ့က မံစီလေး (KC) နယ်မြေအတွင်းရှိ မံစီလေးကျေးရွာ၊ တောင်ကုန်း ကျေးရွာနှင့် ပင်းမူကျေးရွာများမှ မိုးစပါးမျိုးစေ့ထုတ်ကွက် စိုက်ခင်းများသို့ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်‌ ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

ပင်လည်ဘူးမြို့နယ်တွင် စပါးကို ဒေသနှင့်ကိုက်ညီပြီး စပါးအထွက်နှုန်းကောင်းသည့် ဆင်းဧကရီ(၃) မျိုးစပါးကိုသာ အများဆုံး စိုက်ပျိုးကြကြောင်း၊ ယခုနှစ် ပင်လည်ဘူးမြို့နယ်တွင် မိုးစပါးကိုဧက ၄၆၀၆၀ ဧက စိုက်ပျိုးထားရှိ‌ပြီး စပါးမျိုးစေ့ထုတ်ကွက် စိုက်ဧကကိုတော့ ဧက ၃၁၀ စိုက်ပျိုးထားရှိကြောင်း၊ အဆိုပါ (CERP)အစီအစဥ်ဖြင့် စိုက်ပျိုးထားရှိသော စပါးမျိုးစေ ့ထုတ်စိုက်ခင်းများ အောင်မြင်ဖြစ် ထွန်းစေရေး၊ စပါးအထွက်နှုန်းကောင်းစေ‌ရေးအတွက် မျိုးစေ့သန့်စင်မှုကိုအနှောက်အယှက်ပေးသော မျိုးကွဲများ နှုတ်ပယ်ခြင်း၊ ပေါင်းမြက် ကင်းစင်မှုနှင့် ပိုးမွှားရောဂါကျရောက်မှုရှိ/မရှိတို့ကိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ ကွင်းဆင်းကြီးကြပ် စစ်ဆေးမှုများ ပြုလုပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မျိုးလွင်(ပင်လည်ဘူး)