ဇီးကုန်း ဩဂုတ် ၃
ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ်တွင် လူမှုန်ထမ်းဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ အသိပညာပေးခြင်းအစီအစဉ် ဆောင်ရွက်လျက်ရှိရာ အ.ထ.က(မြို့မ) ကျောင်းတွင် ယနေ့နံနက် ၉ နာရီခွဲက ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး အသိပညာပေးခြင်းအခမ်းအနားကို ဟောပြောဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်က အဖွင့်အမှာစကားပြောကြားရာတွင် ကလေးငယ်များ အတွေးမှား အယူအဆမှား မဖြစ်စေရေး၊ အရွယ်မတိုင် မလမ်းမှားမရောက်စေရေး၊ ကလေးသူငယ်များ၏ရပိုင်ခွင့် အခွင့်အရေးများကိုသိရှိပြီး ပြည့်ဝစွာရရှိစေရေးနှင့် ကျောင်းသားကျောင်းသူများ အနာဂါတ်ဘဝ ကောင်းမွန်စေရေးအတွက် အသိပညာဗဟုသုတများ ရရှိနိုင်ပါစေကြောင်းတို့ကို ပြောကြားခဲ့သည်။
ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ပပဝင်းက ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေများ၊ ကလေးသူငယ်၏အဓိပ္ပါယ်သတ်မှတ်ချက်နှင့် ကလေး သူငယ်များ၏ အခွင့်အရေး(၄)ချက်အကြောင်းများကို အသိပညာဗဟုသုတရရှိစေရေး အသေးစိတ်ရှင်းလင်း ပြောကြားပေးခဲ့သည်။ ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစောလင်းသိန်းက သဘာဝဘေးအန္တရာယ်များအကြောင်းနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ဘေးအန္တရာယ် တစ်ခုခုဖြစ်ပေါ်လာပါက ဆောင်ရွက်သင့်သည့်အချက်များနှင့် ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေး ပြောကြားခဲ့သည်။
ဆက်လက်၍ ဇီးကုန်းမြို့မရဲစခန်းမှူး ဒုရဲမှူးဇော်နိုင်က မူးယစ်ဆေးဝါးများအကြောင်းနှင့် မူးယစ်ဆေးဝါး အန္တရာယ်များအကြောင်း၊ လူကုန်ကူးမှုအကြောင်းနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ကြိုတင်ကာကွယ်ရေး သတိပြုလိုက်နာဆောင်ရွက်သင့်သည့် အချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ သတိပြုသင့်သည့် မိုင်းအန္တရာယ်များအကြောင်းကို ကျောင်းသား ကျောင်းသူများ သတိပြုရှောင်ရှားသင့်သည်များကို အသိပညာပေးပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မာမာဦးက လူငယ်နှင့်စာဖတ်ခြင်းအကျိုး ခေါင်းစဉ်ဖြင့် စာဖတ်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများက ပြသထားသော ကလေး အလုပ်သမားပပျောက်ရေး ဆိုင်ရာအသိပညာပေး၊ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာများ၊ လူကုန်ကူးမှုပပျောက်ရေး အသိပညာပေး၊ မူးယစ်ဆေးဝါး အန္တရာယ်အကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို လှည့်လည်ကြည့်ရှု လေ့လာမှတ်သားခဲ့ကြကြောင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
တင့်ဆွေ