မုံရွာ သြဂုတ် ၃
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကျောက်မီးသွေးလုပ်ငန်းရှင်များ၊ တာဝန်ခံများနှင့် တွေ့ဆုံ၍ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ် ကျော်စွာဝင်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ကျောက်မီးသွေးလုပ်ငန်းရှင်များနှင့် တာဝန်ခံများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်းရှိ မော်လိုက်မြို့နယ်နှင့် ကလေးဝမြို့နယ်တို့တွင် ကျောက်မီးသွေးလုပ်ငန်းများ လုပ်ကိုင်နေကြတဲ့ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရဲ့ လုပ်ငန်းဆောင်ရွက်နေမှုနှင့် လိုအပ်ချက်များကို ယခုတွေ့ဆုံ ပွဲတွင် ပွင်းပွင်းလင်းလင်း ဆွေးနွေးတင်ပြကြရန် ပြောကြားလိုပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် သက်မှတ်ကာလအရ ထုတ်လုပ်ရမည့် လျာထားချက် ပြည့်မီစွာထုတ်လုပ် နိုင်ရေးနှင့် ထုတ်လုပ်ပြီးကျောက်မီးသွေးများ သယ်ယူနိုင်ရေးအတွက် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ် ကျော်စွာဝင်းနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနများအလိုက် ပူးပေါင်းဆောင်ရွက်ပေးသွားမည့် အစီအစဉ်များကို ဆွေးနွေးတင် ပြကြသည်။
ဆက်လက်ပြီး တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ကျောင်းမီးသွေးလုပ် ငန်းရှင်များနှင့် တာဝန်ခံများက မိမိတို့လုပ်ငန်းများတွင် ကျောက်မီးသွေးထုတ်လုပ်နေမှု၊ သယ်ယူရေးဆောင်ရွက်နေမှုနှင့် သက်မှတ်လျာထားချက်ပြည့်မီအောင် ထုတ်လုပ်သယ်ယူမည့် အခြေအနေများနှင့် ပတ်သက်၍ အသီးသီး ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာသူများက လုပ်ငန်းများနှင့် ပတ်သက်၍ အထွေထွေဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွေးနွေးပွဲသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး၊ ပြန်/ဆက်။