မုံရွာ သြဂုတ် ၃
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ နန္ဒဝန်ရပ်ကွက်ရှိ၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေး၊ မျိုးစေ့၊ သီးနှံကာကွယ်ရေး ဓါတ်ခွဲခန်းရုံးအတွင်း နေကြာသီးနှံကို ဓာတ်မြေဩဇာ နှုန်းထားအလိုက် ထည့်သွင်းခြင်း၊ မြေကြီးအတွင်း အာဟာရဓာတ်ဖြည့်တင်းမှု လိုအပ်ချက်ကို သိရှိနိုင်ရန်၊ ဝါသီးနှံကို စိုက်ချိန်အလိုက် တစ်လစီခြား၍ စိုက်ပျိုးခြင်းဖြင့် မည်သည့် အချိန်တွင် စိုက်ပျိုးပါက အထွက်နှုန်းအပေါ် တုန့်ပြန်မှု အကောင်းဆုံးဖြစ်မည်ကို သိရှိနိုင်ရန်၊ ဝါသီးနှံတွင် လှေး၊ ပြ၊ ဖြုတ်စိမ်းများ မကျရောက်စေရန် သဘာဝပိုးသတ်ဆေးကို ပက်ဖျန်းခြင်းဖြင့် ပိုးမွှားကျရောက်မှု မရှိအောင် ကြိုတင်ကာကွယ်နိုင်စေပြီး၊ အရည်အသွေး ကောင်းမွန်သော ဝါကောင်းဝါသန့်များ ရရှိပြီး အထွက်နှုန်း ကောင်းမွန်စေရန်၊ ပိုက်ဆံလျှော်ကို သစ်စိမ်းမြေဩဇာအဖြစ် စိုက်ပျိုးပြီး သစ်စိမ်းထည့်သွင်းသော တန်ကြိမ်အလိုက် နှုန်းထားအမျိုးမျိုး ထည့်သွင်း၍ စမ်းသပ် စိုက်ပျိုးခြင်းအားဖြင့် သစ်စိမ်းမြေဩဇာ တန်ကြိမ်ကို မှန်ကန်တိကျစွာ ထည့်သွင်းနိုင်စေရန်၊ ပိုက်ဆံလျှော်မျိုးစေ့ ထုတ်စိုက်ခင်းများ စနစ်တကျ စိုက်ပျိုးထားရှိမှုအပေါ် မြို့နယ်များမှ စိုက်စနစ်နှင့် မျိုးစေ့နှုန်းထားများကို အတုယူ လိုက်နာ ဆောင်ရွက်ရန် ရည်ရွယ်၍ သုတေသနစိုက်ခင်းများအဖြစ် စိုက်ပျိုးထားလျက်ရှိရာ ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန်းစန်းမြင့် ဦးဆောင်သော မုံရွာခရိုင်အတွင်းရှိ ခရိုင်ရုံးဝန်ထမ်းများ၊ ချောင်းဦး၊ ဘုတလင်၊ အရာတော် စသည့် မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ ကြေးမုံခြံမှ ဝန်ထမ်းများ စုစုပေါင်း(၆၀)ဦး သွားရောက် လေ့လာခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ အစည်းအဝေးခန်းမတွင် တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး တိုင်းဒေသကြီး မျိုးစေ့တာဝန်ခံ ဦးရဲမင်းလှ၊ တိုင်းဒေသကြီး သီးနှံကာကွယ်ရေးတာဝန်ခံ ဦးမြင့်လွင်နှင့် တိုင်းဒေသကြီး မြေအသုံးချရေး တာဝန်ခံ ဒေါ်ခင်ထွေးဝင်းတို့က သက်ဆိုင်ရာဌာနခွဲအလိုက် လုပ်ငန်းတာဝန်များအကြောင်းကို အသီးသီး အသေးစိတ် ရှင်းလင်း ဆွေးနွေး ပြောကြားခဲ့ပြီး ဌာနခွဲအလိုက် ဓာတ်ခွဲခန်းများ ဆောင်ရွက်ထားရှိမှုအား လိုက်လံရှင်းလင်း ပြသခဲ့ပြီးနောက် ရုံးဝန်းအတွင်း စိုက်ပျိုးထားသော Home Garden ဟင်းသီး ဟင်းရွက် စိုက်ခင်း၊ ရွှေတောင် ၁၀ ချည်မျှင်ရှည်ဝါ စိုက်ချိန်အလိုက် အထွက်နှုန်းအပေါ် တုန့်ပြန်မှု သုတေသနစိုက်ခင်း၊ နေကြာသီးနှံတွင် သီးနှံအဟာရဖြည့်တင်းမှု သုတေသနစိုက်ခင်းနှင့် ပိုက်ဆံလျှော်မျိုးစေ့ထုတ် သုတေသနစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းနေမှုများအား တာဝန်ရှိသူများက လိုက်လံ ရှင်းလင်း ပြသမှုအား သိလိုသည့် မေးမြန်းမှုများကို ပြန်လည် ဖြေကြား ပေးခဲ့သည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ဖွင့်လှစ်ထားသော မှိုစိုက်ပျိုး ထုတ်လုပ်နည်းအပြင် မှိုမျိုးသန့် မွေးမြူနည်းသင်တန်း ပို့ချပေးနေမှုတို့အား ကြည့်ရှု လေ့လာ ခဲ့သည်။
ယင်းနောက် မုံရွာခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန်းစန်းမြင့် ဦးဆောင်သော ဝန်ထမ်းများသည် ပြခန်းတွင် ပြသထားသော ငွေနှင်းမှို စိုက်ပျိုးထုတ်လုပ်မှု အဆင့်ဆင့် ပြသထားရှိမှုအား လေ့လာ ခဲ့ကြသည်။
ဆက်လက်ပြီး နေ့လယ်ပိုင်းတွင် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မုံရွာခရိုင်နှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပရာ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦးနှင့် တာဝန်ရှိသူများက အသီးသီး အမှာစကားများ ပြောကြားပြီး ခရိုင်အတွင်းရှိ ဝန်ထမ်းများ၏ လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့အား ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များကို ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)