ဘုရားသုံးဆူ ဩဂုတ် ၃
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၊ ကျေးလက်ကျန်းမာရေးဌာနတွင် ၂လမှ ၁နှစ်ခွဲ အရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး၊ ထိုးနှံ၊ တိုက်ကျွေးခြင်းကို နံနက်(၈)နာရီအချိန်တွင် ဆောင်ရွက်ခဲ့ပါသည်။ ကျေးလက်ကျန်းမာရေးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဒေါ်စောယုမာနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဘုရားသုံးဆူမြို့ ကြက်ခြေနီအဖွဲ့တို့ဖြင့် ပူးပေါင်း၍ အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းမျဉ်းနှင့်အညီ စနစ် တကျ လက်ခံဆောင်ရွက်လျက်ရှိပါသည်။
ထိုးနှံသည့် ကာကွယ်ဆေးများမှာ အသည်းရောင်အသားဝါဘီ၊ ဦးနှောက်တီဘီ၊ ပြင်းထန်ဝမ်းလျှော၊ ပိုလီယို(သောက်ဆေး)၊ ပြင်းထန်အဆုတ်ရောင်၊ ငါးမျိုးစပ်ကာကွယ်ဆေးဖြစ်သော (ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊အသည်းရောင်အသားဝါဘီ၊ ဦးနှောက်အမြှေးရောင်)၊ ပိုလီယို(ထိုးဆေး)၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်၊ ဂျိုက်သိုးတို့ဖြင့် ကာကွယ်ဆေး(၁၄)မျိုး ထိုးနှံဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထိုနောက်ဆေးစိမ်ခြင်းထောင်များကို ၅နှစ်အောက် ကလေးငယ်များအတွက် အခမဲ့ ပေးဝေခဲ့ပါသည်။ အဆိုပါဆောင်ရွက်မှုအား လစဉ်ပုံမှန်၃ရက်နေ့နှင့်၄ရက်နေ့များ၌ နံနက်၈နာရီအချိန်မှ စတင်၍ ပြုလုပ်ဆောင်ရွက်လျက်ရှိပါ သည်။
အောင်သူဟိန်း(ပြန်/ဆက်)