ညောင်လေးပင်မြို့နယ်တွင် အာဟာရဖွံ့ဖြိုးမှု ရက်သတ္တပတ်လှုပ်ရှားမှုများ ဆောင်ရွက်

ညောင်လေးပင် ဩဂုတ် ၃

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယနေ့ နံနက် ၉ နာရီအချိန်က အာဟာရဖွံ့ဖြိုးမှု ရက်သတ္တပတ်လှုပ်ရှားမှုအနေဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကလေးသူငယ်များအား ကာကွယ်ဆေးများတိုက်ကျွေးခဲ့ကြောင်း သိရသည်။

အာဟာရဖွံ့ဖြိုးမှု ရက်သတ္တပတ်လှုပ်ရှားမှုများ ဆောင်ရွက်ရာတွင် ပထမပတ်အနေဖြင့် မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်အဖြစ်လည်းကောင်း၊ ဒုတိယပတ် တွင် (၅)နှစ်အောက်ကလေးများ၊ ကလေးသူငယ်များနှင့် လူငယ်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အဖြစ်လည်းကောင်း၊ တတိယပတ်အနေဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အဖြစ်လည်းကောင်း၊ စတုတ္ထပတ်အနေဖြင့် အိုင်အိုဒင်းဓာတ်ချို့တဲ့မှုကြောင့် ဖြစ်ပွားသောရောဂါများ ပပျောက်ရေးနှင့်အစာတွင် အဏုအာဟာရဖြည့်စွက်ရေး ရက်သတ္တပတ်အဖြစ်လည်းကောင်း စီစဉ်ဆောင်ရွက်ထားရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစောကလျာမှ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အာဟာရဖွံ့ဖြိုးမှု ရက်သတ္တပတ်လှုပ်ရှားမှုများအား မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအသင်းနှင့် ကျန်းမာရေးဝန်ထမ်းများမှ ပူးပေါင်းပါဝင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်ဆက်