ဖြူးမြို့နယ်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခြင်းများဆောင်ရွက်

ဖြူး ဩဂုတ် ၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း စိုက်ပျိုး၊မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မင်းဂံရိုးကျေးရွာအုပ်စု၊ ဒိုင်းတရာ(ဗမာရွာ)ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခြင်းများကို မြို့နယ်အဆင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအဖွဲ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံရာတွင် တောင်သူများအား ဖြူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်စား ဒုတိယဦးစီးမှူးဦးရဲလွင်ဦးက မိုးစပါးနှင့်ဆောင်းပဲများ စိုက်ပျိုးအပြီး ရာသီဥတုဖောက်ပြန်မှုကို ကြောက်စရာမလိုသည့် ရေသွင်းစိုက်ပျိုးနိုင်သော နွေစပါးများပိုမို စိုက်ပျိုးနိုင်ရေး ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်အဆင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအဖွဲ့တွင် ပါဝင်သော ဌာနဆိုင်ရာများက မိုးစပါးများ မိုးရွာသွန်းမှုနည်းခြင်းကြောင့် ရေလိုအပ်ချက်များ ညှိနှိုင်း ဆွေးနွေးခြင်း၊ မိုးစပါးစိုက်ပျိုးချိန်အလွန် ဆောင်းပဲသီးနှံများအား သီးထပ်သီးညှပ် စိုက်ပျိုးနိုင်ရေးနှင့်နွေစပါးစိုက်ပျိုးရာတွင် စိုက်ပျိုးနည်းစနစ်များကိုလည်းကောင်း၊ တောင်သူ များအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများအတွက် ချေးငွေများ ချေးပေးနေသည့် အခြေအနေများကိုလည်းကောင်း၊ စက်မှုလယ်ယာစနစ်ဖြင့် စိုက်ပျိုးနိုင်သည့် အခြေအနေများကို လည်းကောင်း၊ မွေးမြူရေးကဏ္ဍတွင် တိရိစ္ဆာန်အစာပင် နေပီယာမြက် စိုက်ပျိုးနိုင်ရေး နည်းလမ်းများနှင့် အကျိုးကျေးဇူးများကိုလည်းကောင်း ရှင်းလင်းအသိပေး ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

ဆက်လက်၍ တက်ရောက်လာကြသော တောင်သူများက စိုက်ပျိုးရေးနှင့်မွေးမြူရေး ကဏ္ဍများတွင် သိရှိလိုသည့်အချက်များအား မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ညှိနှိုင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်