တောင်တွင်းကြီး ဩဂုတ် ၃
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၁ ခုနှစ်က မိုးများအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် ပျက်စီးသွားသည့် မထီ-တည်တော-ကိုးပင် ကျေးရွာသို့ ဆက်သွယ်ဖောက်လုပ်ထားသည့် ကျေးလက်ကျောက်ချော မြေနီလမ်းမကြီးအား မတည်အလှူရှင်အဖြစ် ရန်ကုန်မြို့နေ ဒေါ်မျိုးမျိုးခိုင် (မျိုးထက်ဇော်ကုမ္ပဏီ) မိသားစု၏ ထည့်ဝင်လှူဒါန်းငွေဖြင့် ယမန်နေ့နံနက်ကစတင်၍ မြေနီကျောက်စရစ်ခင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထိုသို့လမ်းပြုပြင်ရာတွင် မထီ-အင်ကြင်းကုန်း-တည်တော-ကံဦး-ကွင်းသာ-ဇွဲတော-ကိုးပင်ကျေးရွာတို့မှ သက်ဆိုင်ရာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ကျေးရွာနေပြည်သူများ စုပေါင်းကာပျက်စီးနေသော လမ်းပိုင်းများ၊ တံတားအတက်/ အဆင်းများအား မြေဖို့ခြင်း၊ မြေနီကျောက်စရစ်ခင်းခြင်း လုပ်ငန်းများကို လုပ်အားဒါနအဖြစ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ပျက်ဆီးနေသောလမ်းပိုင်းမှာ အရှည် (၄)မိုင်၊ အကျယ်(၁၂)ပေရှိပြီး အလှူရှင်မိသားစု၏ ထည့်ဝင်လှူဒါန်းငွေ (၃၆၀၀၀၀)ကျပ်ဖြင့် မြေနီကိုးကျင်းဝယ်ယူ၍ လမ်းအသုံးပြုသူ ကျေးရွာနေပြည်သူများက လုပ်အားဒါနအဖြစ် ဝိုင်းဝန်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ဝင်း(ပြန်/ဆက်)