အုတ်တွင်းမြို့နယ်၌ အခြေခံပညာကျောင်းများသို့ နယ်လှည့်စာကြည့်တိုက် အသိပညာပေးကွင်းဆင်း

အုတ်တွင်း သြဂုတ် ၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးငယ်များအား အသိပညာ ဗဟုသုတရရှိစေရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အ.မ.က(မူလွန်)သောင်းတိုင် ကုန်းနှင့် အ.မ.က(မူလွန်)သစ်တောကျောင်းများသို့ ယနေ့နံနက် ၉ နာရီခွဲအချိန်က ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ခင်ခင်မာမှ ကလေးငယ်များအား စာအုပ်စာပေဖတ်ရှုခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများအ​ကြောင်းအား ရှင်းလင်းပြောကြားခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးခိုင်က စားသုံးရန်မသင့်သော အစားအစာများနှင့် စာသုံးသူ ကာကွယ်ရေးဆိုင်ရာ ဥပဒေများအကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ကလေးများ ကိုယ်ကာယဉာဏစွမ်းရည်များ ဖွံ့ဖြိုးစေရေး၊ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်စေရေး၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုများရရှိစေရေး ရည်ရွယ်ကာ ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ပြီး၊ ကလေးငယ်များအား ရုပ်ပုံစာအုပ်၊ စက္ကူပြဇာတ်၊ ဘုတ်ပြားပြဇာတ်​များ ဖြင့် ပုံပြင်ပြောပြခြင်းများ ဆောင်ရွက်ကာ ကလေးငယ်များအား စာဖတ်သည့် အလေ့အထများ ရရှိစေရန် စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခဲ့​ကြောင်း သိရသည်။

ခင်ခင်မာ