ဝန်းသို စက်တင်ဘာ ၁၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် ဆင်းရဲသောမိသားစုများ ဝင်ငွေတိုး ပွားလာစေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ကျေးရွာပေါင်း(၃၅)ရွာ၊ (၂၁)ယူနစ်ဖြင့် မြစိမ်းရောင် ကျေးရွာစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ စီမံကိန်းကျေးရွာများအနက် ၂၀၁၇-၂၀၁၈ ခုဘဏ္ဍာရေးနှစ်မှ မြစိမ်းရောင်ကျေးရွာစီမံကိန်း စတင်ဆောင်ရွက်ခဲ့သည့် ခပ်ချိုကျေးရွာ၊ ထုံးဘို+အလယ်ကျွန်း+အင်းမကျေးရွာ၊ နမော်+လည်ဦး+ဝါးဘိုး ချောင်းကျေးရွာ၊ မကျည်းကုန်း+တေဇကျေးရွာ၊ ကင်မွန်းခြုံ+ထောက်ကြံ့တောကျေးရွာ စုစုပေါင်းကျေးရွာ (၁၁)ရွာ၊ ယူနစ်(၅)ယူနစ်တို့တွင် သုံးနှစ်သက်တမ်းပြည့်၍ အနားယူကြမည့် ကော်မတီဝင်များနေရာတွင် စီမံကိန်းလက်စွဲ စာစောင်ပါ လမ်းညွှန်ချက်အရ ကျေးရွာအဆင့်မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကြီး ကြပ်မှုကော်မတီတို့ကို ကိုဗစ်-၁၉ လမ်းညွှန်ချက်နှင့်အညီ တာဝန်ရှိသူများက ပြန်လည်ရွေးချယ်တာဝန် ပေးအပ်ခဲ့ပြီးဖြစ်သည်။
"ယခုရွေးချယ်ပေးခဲ့တဲ့ ကော်မတီဝင်တွေက ၂၀၁၇-၂၀၁၈ ခုဘဏ္ဍာရေးနှစ်က စတင်ဆောင်ရွက်ခဲ့ တဲ့ကျေးရွာတွေပါ၊ စီမံကိန်းလက်စွဲစာစောင်ပါ ညွန်ကြားချက်အရ ကော်မတီဝင်တွေရဲ့ သက်တမ်းက သုံးနှစ်ပါ၊ ဒါကြောင့်လုပ်ငန်းစဉ်အရ ပြန်လည်ရွေးချယ်ပေးရခြင်းဖြစ်ပါတယ်၊ ကော်မတီဝင်တွေက လစာ ယူပြီးလုပ်ကြတဲ့ ဝန်ထမ်းတွေမဟုတ်ကြဘူး၊ ပရဟိတစိတ်ရှိတဲ့လူတွေ၊ ရွာအကျိုးကို ကိုယ်ကျိုးမဖက်ပဲ ဆောင်ရွက်လိုစိတ်ရှိတဲ့သူတွေ၊ ကိုယ့်ရွာဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်လိုစိတ်ရှိတဲ့သူတွေကို ကျေးရွာသူ/ ကျေးရွာသားတွေရဲ့ဆန္ဒနဲ့အညီ ဆန္ဒမဲပေးရွေးချယ်ခြင်းဖြစ်ပါတယ်၊ ယခုလို သုံးနှစ်တစ်ကြိမ် ပြန်လည် ရွေးချယ်တာဝန်ပေးအပ်ခြင်းကြောင့် ကျေးလက်နေပြည်သူများအနေနဲ့ စွမ်းဆောင်ရည်မြင့်မားလာမယ်၊ ဒီမိုကရေစီစနစ်ရဲ့ အကျင့်ကောင်းတွေကိုရရှိလာမယ်၊ နောက်ပြီး စုပေါင်းဆောင်ရွက်တက်တဲ့ အလေ့ အကျင့် ကောင်းတွေကို ရရှိလာမှာဖြစ်ပါတယ်"ဟု မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးမြတ်မျိုးထွန်းက ပြောသည်။
ကျော်မြိုင် (ပြန်/ဆက်)