ဟင်္သာတခရိုင်တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ဟင်္သာတ ဩဂုတ် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်း ကျောင်း၊ အမျိုးသားခန်းမတွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။  

အခမ်းအနားတွင် အ.ထ.က(၁) ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ သည်။ ထို့နောက် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက အဖွင့်အမှာစကား ပြောကြားရာ တွင် “ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၂၀၂၂ ခုနှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲကို ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ရာတွင် ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုဆု ချီးမြှင့်ခြင်းဖြစ်ကြောင်း၊ ဟင်္သာတခရိုင်အနေဖြင့် သမိုင်းအစဉ် အလာကြီးမားသည့် ဒေသဖြစ်ခြင်း၊ ဧရာဝတီ တိုင်းဒေသကြီးတွင် ဒုတိယအကြီးဆုံးမြို့၊ ဒုတိယစီးပွားရေး အကောင်းဆုံးမြို့ဖြစ်ခြင်း ဘာသာရေး၊ သာသနာရေး၊ ကျန်းမာရေး၊ ပညာရေး၊ အနုပညာ နယ်ပယ်များတွင်လည်း ရှေးယခင်မှစ၍ ထူးချွန်ခဲ့ကြသည့် ပုဂ္ဂိုလ်များစွာရှိခြင်း၊ နိုင်ငံတော်အဆင့် တာဝန်ယူခဲ့သည့် ယုန်သလင်းကျေးရွာမှ မန်းဘခိုင်စသည့် ပုဂ္ဂိုလ်များစွာ ပေါ်ထွက်ခဲ့ကြသည်။ ဆရာ၊ ဆရာမများအနေဖြင့် စာပေသင်ကြားရုံသာမက ကျောင်းသား၊ ကျောင်းသူများကို စာရိတ္တ မြင့်မားရေး၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်မြင့်မားအောင် လေ့ကျင့်သင်ကြားပေးရန် လိုအပ်ပြီး လာမည့်ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်လည်း ယခုထက် ပိုမိုအောင်ချက်မြင့်မားအောင် မိဘ၊ ဆရာ၊ ကျောင်းသားများက ဝိုင်းဝန်းကြိုးစားပေးကြရန်” တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် တာဝန်ရှိသူများက ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား ဆုများ အသီးသီးပေးအပ်ချီးမြှင့် ခဲ့ကြပြီး အ.ထ.က(၄)မှ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ ယင်းနောက် ဆုရကျောင်းသား၊ ကျောင်းသူများနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများ စုပေါင်းမှတ်တမ်း တင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ အခမ်းအနားတွင် ဟင်္သာတခရိုင်အတွင်းရှိ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား မိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)