အုတ်တွင်း သြဂုတ် ၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ယနေ့နံနက် ၁၀ နာရီအချိန်က နတ်စဉ်ကုန်းကျေးရွာဘုန်းတော်ကြီးကျောင်းဝန်း၌ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီက ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် မိမိဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည်များအား ဆွေးနွေးစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းဦးက ရွှေခရုကာကွယ် နှိမ်နင်းခြင်း၊ မျိုးကောင်း၊ မျိုးသန့်သုံးစွဲစိုက်ပျိုးခြင်း၊ ကုန်ကျစရိတ်သက်သာစွာဖြင့် အကျိုး ထိရောက်သည့် ညသဘာဝမြေသြဇာ ပြုလုပ်သုံးစွဲရေးနှင့် ပတ်သက်၍လည်းကောင်း၊မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဆန်းငြိမ်းဇော်က လယ်ယာမြေကဏ္ဍများနှင့် လယ်ယာမြေဥပဒေများအားလည်းကောင်း၊ ဆည်မြောင်းဦးစီးဌာနမှ AE ဦးအောင်မြချိုက စိုက်ပျိုးရေပေးဝေမှု အခြေအနေများအားလည်းကောင်း၊ စက်မှုလယ် ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းနိုင်က စက်မှုလယ်ယာကဏ္ဍအားလည်းကောင်း၊ မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်မျိုးမြင့်စိုးက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဒေသ စိမ်းလန်းစိုပြေရေးအတွက် သစ်ပင်စိုက်ပျိုးကြပါစို့ အကြောင်းအရာအားလည်းကောင်း၊ ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာမြင့်နှင့် ဝန်ထမ်းများက ဒေသခံပြည်သူအား အပိုဝင်ငွေရရှိရေးအတွက် ရည်ရွယ်၍ ဘက်စုံသုံး ဆပ်ပြာရည်ပြုလုပ်နည်းအား လက်တွေ့သင်ကြားပြသပေးခဲ့ကြောင်းနှင့် သက်ဆိုင်ရာဌာနများအလိုက် အသီးသီးရှင်းလင်းဆွေးနွေးခဲ့ပြီး ဒေသခံတောင်သူများက သိရှိလိုသည်များ မေးမြန်းရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်းနှင့် စိုက်ပျိုးရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ခင်ခင်မာ