ဝက်လက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် နေအိမ် ပြင်ပထွက်ခွာပါက နှာခေါင်းစည်း တပ်ဆင်ရေး လှုပ်ရှားမှုများအား ပူးပေါင်းအဖွဲ့များ ဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဝက်လက် စက်တင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီဝင်များနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ပြည်သူများ မလိုအပ်ပဲ နေအိမ်ပြင်ပ မထွက်ကြရန်နှင့် မဖြစ်မနေ အပြက်ထွက် ရပါက နှာခေါင်းစည်း (Mask) များ စနစ်တကျတပ်ဆင်ပြီးမှ သွားလာကြရန်၊ နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပသို့ ထွက်လာပါက အရေးယူ ဆောင်ရွက်ခြင်း လုပ်ငန်းများအပါအဝင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက်  နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့  နံနက် (၇)နာရီ အချိန်က မြို့အလယ် လူစည်ကားရာ နာရီစင်အနီးတွင် လမ်းသွားလမ်းလာ၊ ခရီးသွား ပြည်သူများကို ပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

နှာခေါင်းစည်းများ တပ်ဆင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်အတူ လူတစ်ဦးလျှင် နှာခေါင်းစည်း (၅) ခု ဝယ်စေကာ၊ တစ်ခုလျှင် ၁၀၀ ကျပ်နှုန်းဖြင့် အခုဝယ် အခုတပ် ဆောင်ရွက်စေခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသော  အမိန့်နှင့် ညွှန်ကြားချက် များအားသိရှိလိုက်နာစေရေးအသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ နှာစည်းများတပ်ဆင်ရေး အသိပညာပေးခြင်း လုပ်ငန်းများကို သြဂုတ်လ (၃၁) ရက်နေ့ မှ စတင်၍ ယနေ့အထိ နေ့စဥ် ဝက်လက်မြို့၏ လူစည်း ကားရာ နေရာများတွင် ပြုလုပ်လျက်ရှိပြီး အသံချဲ့စက်ဖြင့်လည်း ဝက်လက်မြို့နယ် မီးသတ်ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက်၊ အသိပညာပေး ပြောကြားခြင်းများလည်း အရှိန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါသည်။

စိုးစိုးလှိုင် (ဝက်လက်)