ဆိပ်ဖြူမြို့နယ်ရှိ ဆည်ရေသောက် မိုးစပါး စိုက်ပျိုးတောင်သူများ မိုးစပါးများ စတင် စိုက်ပျိုး

ဆိပ်ဖြူ ဩဂုတ် ၃

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ဆည်ရေသောက်ဧရိယာမှ စိုက်ခင်းများ စိုက်ပျိုးရေ ပြည့်ဝစွာ ရှိသည့်အတွက် ၂၀၂၂ခုနှစ် မိုးစပါးကို စတင်စိုက်ပျိုးနေကြောင်း သိရှိရသည်။

ဆိပ်ဖြူမြို့နယ်သည် မိုးနည်းရပ်ဝန်းဒေသတွင် တည်ရှိပြီး မိုးတွင်းကာလ ဒေသခံတောင်သူများက မိုးစပါးနှင့် အခြားသီးနှံပဲမျိုးစုံကို အများဆုံး စိုက်ပျိုးကြသည်။ ဒေသခံ တောင်သူများအနေဖြင့် မိုးစပါးကို လျှပ်စစ်မြစ်ရေတင်စနစ် ၊ ဆည်ရေသောက်စနစ် ၊ မြေအောက်ရေတင်စနစ် ၊ ဆည်ငယ်၊ ကန်ငယ်နှင့် မိုးကောင်းသောက် စိုက်ပျိုးနည်းစနစ် အသီးသီးတို့မှ စိုက်ပျိုးရေများကို ရယူ စိုက်ပျိုးကြသည်။ ဆည်ရေသောက် စိုက်ပျိုးဧရိယာတစ်ခုဖြစ်သည့် ဝန်လိုတမံမှ မိုးစပါးစိုက် တောင်သူများသည် ဝန်လိုတမံမှ မိုးစပါး စိုက်ပျိုးချိန်အမီ စပါးပျိုးထောင်ရေများ ၊ မြေပြင် စိုက်ပျိုးရေများကို ပြည့်ဝစွာ ရရှိသည့်အတွက် မိုးစပါးများကို ဇူလိုင်လကုန်ပိုင်းနှင့် ဩဂုတ်လဆန်းပိုင်းတို့တွင် စတင် စိုက်ပျိုးလျက်ရှိကြောင်း ၊လက်ရှိ တောင်သူများသည်  ဧရာမင်း နှင့် ဆင်းသုခ စပါးမျိုးများကို စိုက်ပျိုးလျက်ရှိကြောင်း၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ဆည်မြောင်း ဦးစီးအရာရှိ(မြို့ပြ)ရုံး အနေဖြင့် မြို့နယ်အတွင်း ထိန်းသိမ်း စောင့်ရှောက်လျက်ရှိသော ဆည်တမံ(၉)ခုရှိပြီး ဆည်အတွင်း ရေဝင်ရောက်မှုများသည့်  ဝန်ချောင်း ၊ ဝန်ယူ ၊ ဝန်လို ၊ဖိုးနီ နှင့် ငါးချဉ်တမံတို့တွင် မိုးစပါးလျာထားဧက(၄၁၄)ဧကရှိပြီး  စိုက်ပျိုးရေများ ပြည့်ဝစွာ ဆောင်ရွက ပေးလျက်ရှိကြောင်း၊ ဆည်ရေသောက် ဧရိယာအတွင်းရှိ ရေပေးမြောင်းများကိုလည်း စိုက်ပျိုးရေ ပြည့်ဝစွာ ဆောင်ရွက်ပေးနိုင်ရန် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ကြိုတင် ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဒေသခံတောင်သူများအတွက် စိုက်ပျိုးရေများကို ဆည်အတွင်းသို့ မိုးရေဝင်ရောက်မှုအပေါ် မူတည်၍ မိုးစပါး ပျိုးထောင်ရေ စိုက်ပျိုးရေများကို စနစ်တကျ ကြီးကြပ်၍ ရေများ လွှတ်ပေးထားကြောင်း မြို့နယ်ဆည်မြောင်း ဦးစီးအရာရှိရုံးမှ တာဝန်ရှိသူနှင့် ဒေသခံတောင်သူများထံမှ သိရှိရသည်။

စိုးလင်းနိုင်(IPRD)