ကြို့ပင်ကောက် စက်တင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် မြို့မိမြို့ဖများသည် ယမန်နေ့ ညနေ ၃ နာရီအချိန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေး ဆိုင်ရာ အသိပညာပေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းခဲ့သည်။
ယနေ့ ဆွေးနွေးပွဲကတော့ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားပျံ့နှံ့မှု အရမ်းများလာတဲ့အတွက် ကြို့ပင်ကောက်မြို့ ဒေသခံပြည်သူများအနေနဲ့ အိမ်မှာပဲနေဖို့ မဖြစ်မနေ အပြင်ထွက်ရမယ်ဆိုရင်လဲ နှာခေါင်းစည်းတပ်ဆင်သွား လာကြဖို့ သာယာဝတီခရိုင်အတွင်း မိုးညိုမြို့မှာ လည်း အတည်ပြုလူနာ တွေ့ရှိနေရတာကို ပြည်သူတွေ သိရှိအောင် ဒေသခံတွေအနေနဲ့ တစ်ဦးချင်း တစ်ယောက်ချင်း ကျန်းမာရေး ညွှန်ကြားချက်များနဲ့အညီ လိုက်နာဆောင်ရွက်ဖို့၊ အဲလိုလိုက်နာဆောင်ရွက်ရင် ကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ်ပြီး သားဖြစ်မဲ့အပြင် မြို့နယ်အတွင်းဖြစ်ပွားမှုကိုလည်း တာဆီးပြီးသားဖြစ်တဲ့အတွက် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီအဖွဲ့ဝင် မြို့နယ် မီးသတ်ဦးစီးမှူး ဦးရဲလင်းအောင်က ပြောသည်။
ထိုသို့ အသိပညာပေးနှိုးဆော်ခြင်းကို မြို့ပေါ်ဆယ်ရပ်ကွက်အတွင်းသို့ နေ့စဉ်ညတိုင်း မြို့နယ်မီးသတ်ဦးစီး ဌာနမှ အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်သွားမည်ဖြစ်ပြီး ကျေးရွာအုပ်စုများအား သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)