စတုတ္ထအကြိမ်မြောက် ဓါတ်မြေဩဇာပေးအပ်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်

ပဲခူး ဩဂုတ်  

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့နံနက်ပိုင်းက တောင်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ပေါက်တပင်မျိုးသန့်ခြံသို့ ရောက်ရှိခဲ့ပြီး မျိုးသန့်ခြံဆိုင်ရာ အချက်အလက်များအား မျိုးသန့်ခြံတာဝန်ခံမှ ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖောင်တော်သီကျေးရွာအုပ်စု၊ ဗျိုင်းချယ်ကျေးရွာအုပ်စုနှင့် ကတုတ်ဘုရားကြီးကျေးရွာအုပ်စုတို့ရှိ နွေစပါး စိုက်တောင်သူ(၈၄)ဦးအတွက် ဓါတ်မြေဩဇာ(၂၀၂)အိတ်အား ထောက်ပံ့ပေးအပ်ခဲ့ပြီး တစ်နှစ်(၃)သီး စိုက်ပျိုးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေး၊ နွေစပါးစိုက်ပျိုးရေရရှိရေးနှင့် ဒေသကြက်မွေးမြူနိုင်ရေး ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ စိုက်ပျိုးရေးခြံအတွင်း ဒေသခံတောင်သူများအတွက် မှော်ဘီ(၃)နှင့်ဆင်းသုခ မျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်း(၆၅) ဧကအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုဝေးခန်းမ၌ အိမ်ထောင်စုစာရင်းပုံစံ(၆၆/၆)အား Software Program အတွင်း ကွန်ပျူတာဖြင့် ထည့်သွင်းနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များနှင့်တွေ့ဆုံ၍ ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ ပျဉ်းမလွင် ကျေးရွာအုပ်စုရှိ ဆင်းသုခမျိုးစေ့ထုတ်စိုက်ခင်း(၁၀)ဧက၌ သဘာဝမြေဩဇာ ကြဲပက် နေမှုနှင့် ဓာတုကင်းလွတ်ရွက်ဖြန်း ပိုးသတ်ဆေးဖြန်းနေမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနိုင်ရေး အသိပညာပေးရန်နှင့် ရက်တိုပြီး အထွက်နှုန်းတိုးသည့် စပါးမျိုးကောင်းမျိုးသန့်ရရှိရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ ကျိုက်စကောအရှေ့ကျေးရွာ၊ တောင်သူ ဦးမောင်ကြီး၏ ဖရီရှန်မျိုး နို့စားနွားကောင်ရေ(၃၀) မွေးမြူထားရှိမှုနှင့် ခွာနာလျာနာ ကာကွယ်ဆေးထိုးပေးနေမှုတို့အား သွားရောက်ကြည့်ရှုခဲ့ပြီး နေဗီယာမြက် တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် မွန်ဘားဆား နွားစားမြက်မျိုးစေ့ထုတ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ကာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ပျဉ်ပုံကြီးကျေးရွာအုပ်စု၊ မိုးယွန်းကြီးအင်းသို့ရောက်ရှိခဲ့ပြီး ဒေသဇီဝမျိုးစုံမျိုးကွဲပြတိုက်အား ကြည့်ရှုလေ့လာခဲ့ပြီး ဒေသငါးမျိုး မျိုးတုံးမှုမရှိစေရေး မိုးယွန်းကြီးအင်းအတွင်းသို့ ငါးဖယ်အောင်း ကောင်ရေ(၁.၅)သိန်းနှင့် ငါးပြေမကောင်ရေ(၅)သောင်းတို့အား သဘာဝရေပြင်အတွင်း လွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်