သာပေါင်း ဩဂုတ် ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကွင်းကောက်ကျေးရွာအုပ်စု၊ ကွင်းကောက်ကျေးရွာ လေးပေစင်(ဒေသအခေါ်)တောလမ်းဘေး ရေတွင်းဟောင်းထဲ ပြုတ်ကျနေသော တောဆင်ပေါက်တစ်ကောင်းအား ယမန်နေ့နံနက် ၇ နာရီခွဲအချိန်က ပြန်လည် ဆယ်တင်ပေးနိုင်ခဲ့သည်။
ဖြစ်စဉ်မှာ ကွင်းကောက်ကျေးရွာအုပ်စု၊ ကွင်းကောက်ကျေးရွာ လေးပေစင် (ဒေသအခေါ်) တောလမ်းဘေး ဦးခင်မောင်ဌေးပိုင် ရာဘာခြံထဲရှိ ရေတွင်းဟောင်းထဲသို့ တောဆင်ပေါက်တစ်ကောင် ပြုတ်ကျနေကြောင်း သတင်းပေးချက်အရ မြို့နယ်သစ်တောဦးစီးဌာန၊ တောအုပ် ဦးမျိုးမင်းလတ်နှင့် ဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှ ဒုတိယရဲမှူးလှအေးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ရဲကင်းစခန်း(လှေကြီးတက်)မှ ဒုတိယရဲအုပ် အောင်ကိုကိုနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ကွင်းကောက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းဌေးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် ရွာသားတို့က မြေတူးထွန်စက် အကူအညီဖြင့် နံနက် ၈ နာရီ ၄၅ မိနစ်အချိန် ပြန်လည်ဆည်တင်ပေးနိုင်ခဲ့ပြီး တောဆင်ပေါက်မှာ (၅)နှစ်သားခန့် ဆင်မလေးဖြစ်ကြောင်းနှင့် ထိခိုက်ဒဏ်ရာရှိမှု မရှိဘဲ တောထဲသို့ ပြန်လည်ဝင်ရောက်သွားပြီး ပျက်စီးဆုံးရှုံးမှုမရှိခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)