သာပေါင်းမြို့နယ် ငါးသယံဇာတ၊ ရေသယံဇာတတိုးပွားစေရေးအတွက် ရွှေညောင်ပင် ဂုန်ညှင်းတန်းအောက် ငုတန်းပိုင်း ကြေးတိုင်အင်းအတွင်းသို့ ငါးသားပေါက် ၁၅၀၀၀၀ မျိုးစိုက်ထည့်

သာပေါင်း သြဂုတ် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြစ်ချောင်း အင်းအိုင်များတွင် ငါးသယံဇာတ ရေသယံဇာတတိုးပွားစေရေးနှင့် မပြုန်းတီးစေခြင်းဖြင့် ကျေးလက်နေပြည်သူများ ငါးရိက္ခာပိုမို ဖူလုံလာစေပြီး စားသုံးမှုမြင့်မားလာနိုင်ရေးအတွက် ရည်ရွယ်၍ ကြေးတိုင်အင်းများ အတွင်းသို့ ငါးမျိုးစိုက် ထည့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က စုပေါင်းငါးမျိုးစိုက်ထည့်ကြသည်။

ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ ပုသိမ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးအေးနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၂) ဦးကျော်တိုး၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးမျိုးသိမ်းနှင့် ဌာနဆိုင်ရာတို့က အင်းလုပ်သားကြီး များလက်ဝယ်သို့ ငါးမျိုးစိတ်များ လွှဲပြောင်းပေးအပ်ကြပြီး ပုသိမ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးအေးနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးကျော်တိုး၊ မြို့နယ်ငါးလုပ်ငန်းကြီးကြပ်ရေးကော်မတီဝင်များ၊ လူမှုရေး အသင်းအဖွဲ့တို့က ရွှေညောင်ပင် ဂုန်ညှင်းတန်းအောက် ငုတန်းပိုင်း ကြေးတိုင်အင်းအတွင်းသို့ ငါးမြစ်ချင်း လေးလက်မအရွယ် ငါးသားပေါက် ကောင်ရေ ၁၅၀၀၀၀ တို့အား စုပေါင်းငါးမျိုးစိုက်ထည့်ခဲ့ကြကြောင်း သိရ သည်။
မျိုးဇော်သိန်း