မကွေး ဩဂုတ် ၃
မကွေးပညာရေးဒီဂရီကောလိပ် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆိုပြိုင်ပွဲနှင့် ဆုပေးအပ် ချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ(၄)နာရီအချိန်က မကွေးပညာရေးဒီဂရီကောလိပ်၊ ပညာ့ဗိမာန်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယက၊ မကွေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်မြင့်လှိုင်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို “မကွေးတိုင်း ခရိုင် အလှများ”တေးသီချင်းဖြင့် မကွေး ပညာရေးဒီဂရီကောလိပ် ကျောင်းသူများက ကပြ ဖျော်ဖြေ ဖွင့်လှစ်ခဲ့ပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကား ပြောကြားရာတွင် ရိုးရာယဉ်ကျေးမှု ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ (သို့မဟုတ်)လူမျိုးတစ်မျိုး၏ အထွဋ်အမြတ်ထားရာ အမွေအနှစ် ရတနာတစ်ပါး ဖြစ်ပြီး မည်မျှပင် ကြွယ်ဝချမ်းသာ ဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံဖြစ်ပါစေ ရိုးရာယဉ်ကျေးမှု ခေါင်းပါး ဆိတ်သုဉ်းပါက အချည်အနှီးသာ ဖြစ်ပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံသည် တိုင်းရင်း သားပေါင်းစုံ နေထိုင်ကြသည့်အတွက် တိုင်းရင်းသား လူမျိုးအသီးသီးတို့၏ ကိုယ်ပိုင် ယဉ်ကျေးမှု ဓလေ့ထုံးစံများလည်း ရှိကြပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လူမှုရေးဦးတည်ချက် တစ်ခုဖြစ်သော “တိုင်းရင်းသား အပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး”ဟူသော ဦးတည်ချက်အရ မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်းများအား ထိန်းသိမ်း ဖော်ထုတ်သည့်ပွဲအဖြစ် မြန်မာ့ရိုးရာ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲများအား ပြန်လည် ကျင်းပရခြင်း ဖြစ်ပါကြောင်းနှင့် ကျောင်းသား/သူများ အနေဖြင့် လည်း မြန်မာ့ရိုးရာ ယဉ်ကျေးမှု အနုပညာရပ်များအား တန်ဖိုးထားပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မား တိုးတက်အောင် ဆောင်ရွက်ခြင်းအပြင် နိုင်ငံတော်ကြီး ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရာတွင် မိမိတို့ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ အစွမ်းကုန် ပါဝင် ကြိုးစား ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြိုင်ပွဲဝင် ကျောင်းသား/သူများက မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအဆို ပြိုင်ပွဲအနေဖြင့် အဆင့်မြင့်ပညာအဆင့်(အမျိုးသား/အမျိုးသမီး) ခေတ်ဟောင်းကာလပေါ် တေးသီချင်းနှင့် အဆင့်မြင့်ပညာအဆင့်(အမျိုးသား/အမျိုးသမီး) အမျိုးဂုဏ်၊ ဇာတိဂုဏ် တေးသီချင်းများဖြင့် သီဆိုယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် မကွေး ပညာရေးဒီဂရီကောလိပ် ကျောင်းသူများက “မလေးလတ်ခတ်သံ” တေးသီချင်း၊ ပြိုင်ပွဲဝင် ကျောင်းသား/သူများက “ထာဝရအဓိဌာန်”တေးသီချင်းဖြင့် သီဆို ဖျော်ဖြေတက်ဆက်ခဲ့ပြီး မကွေးပညာရေးဒီဂရီကောလိပ် တွဲဖက်ပါမောက္ခ ဦမိုးခိုင်စိုး “မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်း”တေးသီချင်းနှင့် ဂီတအနုပညာဌာန ဒေါ်မေစံပယ်ထွန်းတို့က “ဖက်ဖူးဆင်ခင်ခင်ကြိုက်တယ်”တေးသီးချင်းတိုဖြစ့် အသီးသီးဖျော်ဖြေ တင်ဆက်ခဲ့ကြ ကြောင်း သိရသည်။
ယင်းနောက် ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/သူများအား တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဂုဏ်ပြုလက်မှတ်များနှင့် ဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မကွေးပညာရေးဒီဂရီ ကောလိပ် ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများ၊ ဆုရ ကျောင်းသား/သူများနှင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
အဆိုပါ မကွေးပညာရေးဒီဂရီကောလိပ် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် ကျောင်းသား/သူများနှင့် တေးသီးချင်းများဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ဆုငွေကျပ်(၁၀)သိန်းကျပ်အား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကိုစည်သူ(မကွေး)