ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်နှင့် leo Shine International Co.,Ltd တို့အား သီးခြားလက်ခံတွေ့ဆုံ

ဘားအံ ဩဂုတ် ၃

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယမန်နေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်နှင့် leo Shine International Co.,Ltd တို့အား ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ သီးခြားစီလက်ခံတွေ့ဆုံခဲ့သည်။

ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ၍ ကရင်ပြည်နယ်အတွင်းရှိ အကူအညီ လိုအပ်သူများအတွက် မီးဖိုချောင် သုံးပစ္စည်းများ၊ ခြင်ထောင်၊ အမျိုးသမီးသုံးပစ္စည်း စသည့် အစားအစာမဟုတ်သည့် ပစ္စည်းများ ဖြန့်ဝေပေးခြင်း အပါအဝင် ရွေ့ပြောင်းသွားလာသူများနှင့် နေရပ်ပြန်များအား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနိုင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးဆိုင်ရာ ကိစ္စရပ်များကို အဓိကထားဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ လိုအပ်သည်များအား လမ်းညွှန်မှာကြားသည်။

ထို့နောက် မွန်းလွဲ ၂ နာရီခန့်တွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် leo Shine International Co.,Ltd Managing Director ဦးထက်အောင်ရှိုင်းနှင့်အဖွဲ့အား လက်ခံတွေ့ဆုံရာ leo Shine International Co.,Ltd မှ ရန်ကုန်-မြဝတီ ကုန်စည်နှင့်ခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်းသစ် စတင်ရန်၊ နိုင်ငံတော်အစိုးရမှ တရားဝင်ခွင့်ပြုနိုင်မည့် ကုန်ပစ္စည်းများအား တရားဝင်အခွန်ထမ်း ဆောင်ပြီး သယ်ယူခွင့်ရရှိရန်၊ ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံ G to G စနစ်ဖြင့် ထိုင်းနိုင်ငံသို့ထွက်ခွာမည့် မြန်မာအလုပ်သမားများအား မြဝတီမြို့သို့ ပို့ဆောင်နိုင်ရန် ရှင်းလင်းတင်ပြဆွေးနွေးရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)