လိပ်သိုမြို့ လမ်းဦးစီးဌာနမှ သံကူကွန်ကရစ်တံတားသစ်များ တည်ဆောက်ပြီးစီးပြီးဖြစ်၍ မော်တော်ယာဉ်များ သွားလာမှု ပိုမိုမြန်ဆန်ချောမွေ့

လိပ်သို​  သြဂုတ် ၃

ကရင်ပြည်နယ် ဘားအံခရိုင် လိပ်သိုမြို့ လမ်းဦးစီးဌာနမှ တာဝန်ယူတည်ဆောက်ခဲ့သော တောင်ငူ(ကျောက်တိုင်)-လိပ်သို-လွိုင်ကော်-ဟိုပုံး ပြည်ထောင်စုလမ်း (NH-21) (ကရင် ပြည်နယ်) လမ်းပိုင်းပေါ်ရှိ သံကူကွန်ကရစ်တံတား(၃)စင်း တည်ဆောက်ရေး လုပ်ငန်းများမှာ ရာနှုန်းပြည့်ပြီးစီးခဲ့ပြီးဖြစ်၍ ခရီးသည်နှင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာလျက်ရှိရာ ယခင်ကထက် သွားလာမှု ပိုမိုမြန်ဆန်ချောမွေ့လျက်ရှိကြောင်း ယာဉ်မောင်းများထံမှ သိရသည်။

အဆိုပါတံတားသစ်(၃)စင်းမှာ သံဘေလီတံတားဟောင်းများဖြစ်ပြီး တံတားတည်ဆောက်ထားရှိ အသုံးပြုမှုမှာ နှစ်ကာလ ကြာမြင့်ခဲ့ပြီဖြစ်၍ ပြည်သူများ ဘေးအန္တရာယ်ကင်းစွာ သွားလာနိုင်ရန် ရည်ရွယ်၍ အရှည်ပေ(၃၀)၊ အကျယ်(၂၄)ပေရှိ သံကူကွန်ကရစ်တံတားသစ်(၂)စင်း၊ အရှည်ပေ (၂၀)အကျယ်(၂၄)ပေရှိ တံတားသစ်(၁)စင်းတို့ကို အစားထိုးတည်ဆောက်ပေးခဲ့ကြောင်း သိရ သည်။

တည်ဆောက်ရေးလုပ်ငန်းများအား ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေများဖြင့် လိပ်သိုမြို့ လမ်းဦးစီးဌာနမှ မြို့အင်ဂျင်နီယာ (မြို့ပြ) ဒေါ်နုနုထွေး၏ဦးဆောင်မှု၊ အငယ်တန်း အင်ဂျင်နီယာ၃ (မြို့ပြ) စောမိုးထက်ထက်ကျော်၏ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် တည်ဆောက် ရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

 စောဝေါ်ကွောထူး(ပြန်/ဆက်)