သာယာဝတီမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားလာမှု မရှိစေရေး အသိပညာပေးခြင်း၊ Mask များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ဖျော်ဖြေရေးလုပ်ငန်းများ ဆောင်ရွက်

သာယာဝတီ စက်တင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့တွင် ပရဟိတအဖွဲ့များ ပူးပေါင်း၍ ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားလာမှု မရှိစေရေးအတွက် အသိပညာပေးခြင်း၊ Mask များ အခမဲ့ဖြန့်ဝေခြင်းနှင့် ဖျော်ဖြေရေး လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင်  သာယာဝတီမြို့နယ် ကြက်ခြေနီတပ်ဖွဲ့နှင့်အတူ စေတနာ့လူမှုကယ်ဆယ်ရေးအသင်း၊ မေတ္တာဝတီ လူမှုကယ်ဆယ်ရေးအသင်း၊  သုံးဆယ်မြို့ ဂရုဏာရှင် လူမှုကူညီရေးအသင်း ၊ သုံးဆယ်မြို့ အဖြူရောင် ပရဟိတလူမှုကူညီရေး အသင်း ၊  ဂရုဏာသွေးလှူရှင်များအသင်း၊ လောကအလင်းရောင် ပရဟိတ အဖွဲ့တို့မှ  ပူးပေါင်းပြီး   ရန်ကုန်ပြည်လမ်းဘေးရှိ  ရပ်ကွက်နှင့် ကျေးရွာများ၊  သာယာဝတီမြို့၊  သုံးဆယ်မြို့နှင့် အင်းရွာကျေးရွာတို့တွင်လည်း ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားလာမှု မရှိစေရေးအတွက် ဖျော်ဖြေရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) ၃၀၀၀ ကိုလည်း မိဘပြည်သူများအား စနစ်တကျ တပ်ဆင်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လှုပ်ရှားမှုတွင် သာယာဝတီမြို့  အမှတ် (၁၄) ယာဉ်ထိန်းရဲတပ်ဖွဲ့မှလည်း  အသိပညာပေးခြင်းများ ပံ့ပိုးကူညီ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သည်။ အလားတူ သာယာဝတီမြို့နယ်အတွင်းရှိ အသိပညာပေး ဆောင်ရွက်ရန် ကျန်ရှိသော ရပ်ကွက်၊ ကျေးရွာများတွင်လည်း ဆက်လက် အသိပညာပေး ခြင်းများပြုလုပ်ရန်   ဆောင်ရွက်သွားမည်ဖြစ်ပြီး အလှူရှင်များမှ ယခုထက် ထပ်မံပံ့ပိုးမှုများရှိပါက မြို့နယ်အတွက်  ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်လှုပ်ရှား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သန့်ဇော်(ပြန်/ဆက်)