ပွင့်ဖြူ ဩဂုတ် ၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံ တောင်သူများသည် မြေအောက်ရေဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြရာ ယခုနှစ်တွင် ဒေသခံတောင်အချို့အနေဖြင့် ကြံသီးနှံကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်း၍ လုပ်ငန်း အဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာအုပ်စု ၊ ညောင်ပင်ဝိုင်းကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။
“ကျွန်မတို့ကျေးရွာမှာ ကြံသီးနှံကို တစ်ပိုင်တစ်နိုင် စမ်းသပ်စိုက်ပျိုးတာ အောင်မြင်ဖြစ်ထွန်းမှု ရှိပါတယ်။ စိုက်ပျိုးတဲ့ ကြံမျိုးကိုတော့ တောင်တွင်းကြီးမြို့နယ်က ဝယ်ယူပြီးတော့ စိုက်ပျိုးတာ ဖြစ်ပါတယ်။ ကြံသီးနှံက စိုက်ပျိုးပြီး သက်တမ်း (၉) လ ရှိရင် ခုတ်ရောင်းလို့ ရပါတယ်။ ကြံသီးနှံက အရင်းအနှီးကလည်း နည်းတော့ စိုက်ပျိုးစရိတ် အကုန်အကျ အများကြီး သက်သာပါတယ်။ ယခု ကျွန်မစိုက်ပျိုးထားတဲ့ ကြံခင်းဆိုရင် နှစ်သိန်းခွဲဖိုးလောက်ပဲ ကုန်ကျမှုရှိပြီး ခုတ်ရောင်းရပါက သိန်း (၃၀)လောက် အကျိုးအမြတ် ရရှိမှာ ဖြစ်ပါတယ်။ ရောင်းတဲ့အချိန်မှာလည်း မြို့တွေကို သွားရောင်းစရာ မလိုပါဘူး။ လက်လီရောင်းချတဲ့ ဈေးသည်တွေက စိုက်ခင်းအရောက် လာရောက် ဝယ်ယူကြပါတယ်။ ဒီကြံခင်းကို ခုတ်ရောင်းပြီးရင်လည်း ကြံငုတ်မှ ထွက်ရှိတဲ့ ကြံအတက်တွေဟာ ပျိုးပင်အဖြစ် တစ်ပင်ကို ငွေကျပ် ၃၀ဝ ၊ ၄၀၀ လောက်နဲ့ တစ်ခါ ပြန်ရောင်းရလို့ ကြံသီးနှံဟာ နှစ်သီးစား ဝင်ငွေ ရရှိပါတယ်။ ဒါ့ကြောင့် ကြံသီးနှံဟာ စိုက်ပျိုးစရိတ် အရင်းအနှီးနည်းပြီး အကျိုးအမြတ်များများရလို့ အရမ်း အဆင်ပြေတယ်။ ဒါ့ကြောင့် ဒေသခံတောင်သူတွေအနေနဲ့ ကြံသီးနှံကို တွဲဖက် စိုက်ပျိုးသင့်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် ညောင်ပင်ဝိုင်းကျေးရွာမှ ကြံသီးနှံစိုက်ပျိုး တောင်သူ မလွင်မော်က ပြောသည်။
ပွင့်ဖြူမြို့နယ်သည် စိုက်ပျိုးရေ ပေါကြွယ်ဝမှုနှင့် ရာသီဉတု မျှတကောင်းမွန်မှုကြောင့် တောင်သူများက ဆန်စပါးအပြင် ၊ နှမ်း ၊ မြေပဲ ၊ နေကြာ ၊ ပြောင်းဖူး ၊ ပဲတီစိမ်း ၊ ကုလားပဲ ၊ ငရုတ်၊ ကြက်သွန်၊ ခရမ်းချဉ်၊ အခြား ဟင်းသီးဟင်းရွက် သီးနှံမျိုးစုံနှင့် ဘုရားပန်းများဖြစ်သည့် မေမြို့ပန်း၊ ဂန္ဓမာပန်း၊ သပြေပန်းများကိုလည်း စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်းနှင့် အချို့တောင်သူများက တစ်ပိုင်တစ်နိုင် ကြံသီးနှံကို တွဲဖက် စိုက်ပျိုးလုပ်ကိုင်ကြပြီး အောင်မြင်ဖြစ်ထွန်းမှုရှိ၍ လုပ်ငန်း အဆင်ပြေလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)