ပန်းတနော် စက်တင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စည်ပင်သာယာစျေးကြီးအတွင်း ရောင်းချလျက်ရှိသော စျေးသည်များနှင့် စျေးဝယ်များ နှာခေါင်းစည်းများ တပ်ဆင်ရန် ယမန်နေ့ နံနက် ၉ နာရီက ကြပ်မတ်စစ်ဆေးဆောင်ရွက်ခဲ့သည်။
မြို့မစျေးကြီးတွင် ရောင်းချလျက်ရှိသော စျေးသည်များနှင့် စျေးဝယ်သူများကို ကိုဗစ်-၁၉ ကင်းဝေး စေရန်အတွက် စျေးအတွင်းဝင်ရောက်ပါက နှာခေါင်းစည်းများ တပ်ဆင်ပြီးမှ ဝင်ကြရန် ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့များက မြို့မစျေးအတွင်း ရောင်းချလျက်ရှိသော စျေးသည်များနှင့် စျေးဝယ်သူများ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို လိုက်နာမှု ရှိ/မရှိ နေ့စဉ်ကွင်းဆင်းကြပ်မတ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
၎င်းအပြင် စျေးဝင်ပေါက်များတွင် ကိုဗစ်-၁၉ အသိပညာပေးပိုစတာများထားရှိသည့်အပြင် စျေးအတွင်း ဝင်ရောက်လာပါက လက်ဆေးနိုင်ရန်အတွက် လက်ဆေးစင်များ ထားရှိပေးထား ကြောင်း သိရသည်။
အေးချမ်းအောင်(ပန်းတနော်)