ပေါင်းတည်မြို့နယ်တွင် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြသ

ပေါင်းတည် ဩဂုတ် ၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုနှစ် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့ နံနက်၈နာရီက ပေါက်အိုင်ကြီးကျေးရွာအုပ်စု၊ ဥသျှစ်ကုန်းကျေးရွာရှိ ကွင်းအမှတ် (၁၁၁၅) တောင်သူ ဦးသန့်ဇင်၏ လယ်မြေ (၆)ဧကတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသန့်နှင့် အဖွဲ့၀င် (၂)၊ မြို့နယ်စိုက်/ကြပ်အဖွဲ့ ၀င်များတက်ရောက်ခဲ့ပြီး ကောက်စိုက်စက်၏ စက်မှုပိုင်းဆိုင်ရာများကို ပေါင်းတည်မြို့နယ် စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူးက ရှင်းလင်းပြောကြား၍ ကောက်စိုက်စက်ဖြင့် လက်တွေ့မောင်းနှင် စိုက်ပျိုးသရုပ်ပြခဲ့သည်။

ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကြောင့် လုပ်အားခသက်သာခြင်း၊ မျိုးစေ့ကုန်ကျမှု နည်းပါးခြင်း၊ ပျိုးထောင်ဧရိယာ အနည်းငယ်သာလိုအပ်ခြင်း၊ သန်မာ၍ ရောဂါကင်းသော ပျိုးပင်များရရှိခြင်း၊ ပင်ပွားနှုန်းကောင်းပြီး စပါးအထွက်နှုန်းကောင်းစေခြင်းနှင့် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားသော စပါးခင်းအား စပါးရိတ်စက်၊ ရိတ်သိမ်းခြွေလှေ့စက်များဖြင့် အလွယ်တကူ ရိတ်သိမ်းနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိကြောင်း စက်မှုလယ်ယာ ဦးစီးဌာနဦးစီးမှူးထံမှ သိရသည်။

အေးအေးဆင့်(ပြန်/ဆက်)