မင်းဘူး ဩဂုတ် ၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ကျောင်းကုန်းကျေးရွာ၌ ကမ်းပြိုဘေးကြောင့် ကြိုတင် ပြောင်းရွှေ့ခဲ့ရသော အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများကို ယနေ့ နံနက် ၁၁ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ထောက်ပံ့ ပေးအပ်ခဲ့သည်။
သနပ္ပင်စုကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာတွင် ဇူလိုင်လ ၃၀ ရက်နေ့က ဧရာဝတီ မြစ်ရေတိုက်စားပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် အိမ်ခြေ (၄)လုံး ဘေးလွတ်ရာသို့ ကြိုတင် ပြောင်းရွှေ့ခဲ့ရကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။
အဆိုပါ ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသော အိမ်ခြေ (၄)လုံး၊ အိမ်ထောင်စု (၄)စုမှ လူဦးရေ (၁၈)ဦးတို့အတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ် ၄၀၀,၀၀၀ နှင့် ဆန်ရိက္ခာဖိုး ငွေကျပ် ၃၇,၈၀၀ ၊ စုစုပေါင်းထောက်ပံ့ငွေကျပ် ၄၃၇,၈၀၀ တိတိကို တာဝန်ရှိသူများက ကျေးရွာအုပ်ချုပ်ရေးမှူးထံ လွှဲပြောင်း ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)