စစ်ကိုင်းခရိုင် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်း ဆွေးနွေး

စစ်ကိုင်း ဩဂုတ် ၂

စစ်ကိုင်းခရိုင် အမျိုးသမီးကော်မတီမှ ကြီးမှူး၍ အမျိုးသမီးများ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် အမျိုးသမီးကော်မတီဥက္ကဋ္ဌက၊ စစ်ကိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကား ဆွေးနွေးကာ အမျိုးသမီးကော်မတီ အတွင်းရေးမှူး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက အမျိုးသမီးများ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်း ဆွေးနွေးပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက မရှင်းလင်းသည်များ မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ဆွေးနွေးပေးခဲ့ကြသည်။

ဆက်လက်၍ အမျိုးသမီးကော်မတီ အတွင်းရေးမှူးက SEX(လိင်) နှင့် GENDER (ဂျန်ဒါ)ကွဲပြားပုံ ကျား/ မ လူမှုရေးရာ သက်မှတ်စံနှုန်းများ၊ အန္တရာယ်ရှိသော မိရိုးဖလာ ထုံးတမ်းစဉ်လာများ၊ အကြမ်းဖက် မှုဖြစ်ပွာရခြင်း၏ အဓိကအကြောင်းရင်းများ၊ ဖြစ်ပွာရခြင်း အကျိုးဆက်များ၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေး ကွန်ဗင်းရှင်းရေးဆွဲနေမှု အခြေအနေများ၊ အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း ရေးဆွဲနေမှု အခြေအနေများကို အသေးစိတ် ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ စစ်ကိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့များ၊ အခြား ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်