ပေါင်းတည်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာမြင်းခြံ ကျော်အောင်(ခ)သန်းထက်စံ၏ “ကြီးပွါးအောင်မြင် အောင်ပန်းကိုဆင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ပေါင်းတည် ဇူလိုင် ၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူအသင်း Book Club အဖွဲ့ဝင်များ၊ စာရေးဆရာစာဖတ်ဝါသနာရှင်များ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီအချိန်က စာရေးဆရာ မြင်းခြံကျော်အောင်(ခ)သန်းထက်စံ၏ “ကြီးပွါးအောင်မြင် အောင်ပန်းကိုဆင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်အေးအေးဆင့်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် လူငယ်များ၊ ကျောင်းသား၊ ကျောင်းသူလေး များ စာဖတ်သည့် အလေ့အကျင့်ရရှိစေရန်နှင့် ဖတ်ရှုသည့် အသက်အရွယ်အလိုက် စာပေဗဟုသုတတိုးပွါးရရှိပြီး အမှားအမှန်ဝေဖန်ပိုင်းခြား နိုင်ရန်ရည်ရွယ်ချက် ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် စာရေးဆရာ စာပေဝါသနာရှင်များက “ကြီးပွါးအောင်မြင် အောင်ပန်းကိုဆင်” စာအုပ်ပါ စာစုများမှ ငါကြီးပွါးမယ့်လူလား၊ ကြီးပွါးခြင်း၏အခြေခံ စာဖတ်ရန်စသည့် စာစုများပါအကြောင်းအရာများကို ဖတ်ရှုဆွေးနွေးကြပြီး ၄င်းတို့၏ အတွေးအမြင် များကို ပြန်လည်မျှဝေဆွေးနွေးခဲ့ကြောင်း သိရသည်။

အေးအေးဆင့်(ပြန်/ဆက်)