ချောင်းဦး သြဂုတ် ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့သည် ဇူလိုင်လ ၃၀ ရက်နေ့ မနက်ပိုင်းမှ စတင်၍ ယမန်နေ့ ညနေပိုင်းအထိ ခင်မွန်ကျေးရွာသို့ ကွင်းဆင်းပြီး ပြည်သူများနှင့် တွေ့ဆုံကာ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဌာနများမှ ဆောင်ရွက်ပေးနေသည့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
ဇူလိုင် ၃၀ ရက်နေ့ မနက်ပိုင်းတွင် ခင်မွန်ကျေးရွာ ရွှေဘုံသာ ဘုရားဝင်းအတွင်း ပြည်သူ ၁၅၀ ဦးနှင့် တွေ့ဆုံကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးကျော်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်ကိုမင်း၊ အတွင်းရေးမှူး ရဲမှူးမြင့်သောင်း၊ အဖွဲ့ဝင် လဝက မြို့နယ်ဦးစီးမှူး ဦးဘရွှေ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်နိုင်၊ မြို့နယ်ပညာရေးမှူး ဦးစိန်ချွန်နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများမှ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး ကိစ္စရပ်များနှင့် ဌာနများမှ ပြည်သူကို ဆောင်ရွက်ပေးနေသည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့သည်။ တက်ရောက်လာသည့် ပြည်သူများအား နိုင်ငံတော်မှ ဆောင်ရွက်ပေးနေသည့် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား အသစ်ထုတ်ပေးခြင်း၊ လဲလှယ်ပေးခြင်း၊ အိမ်ထောင်စုစာရင်း ထုတ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။ ကျန်းမာရေးဌာနမှလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ဇူလိုင်လ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် ကွင်းဆင်းအဖွဲ့သည် လုံခြုံရေး တာဝန်ယူနေသည့် ရဲတပ်သား ၅၀ ဦးနှင့် ပူးပေါင်းပြီး ခင်မွန်ကျေးရွာ အထက(ခွဲ) ကျောင်းဝင်းအတွင်း သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့သည်။ နေ့လယ် ၁ နာရီတွင် ရွှေစည်းခုံ ဘုရားဝင်းအတွင်း ပြည်သူ ၃၀ ဦးခန့်နှင့် တွေ့ဆုံပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဇူလိုင်လ ၃၀ ရက် နည်းတူ ဆောင်ရွက်ပေးခဲ့သည်။ အလားတူ ယမန်နေ့ မနက်ပိုင်းတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။ နေ့လယ်ပိုင်းတွင် မင်းကျောင်း ဘုန်းတော်ကြီးကျောင်းတိုက်အတွင်း ပြည်သူ ၄၅ ဦးနှင့် တွေ့ဆုံပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ဆောင်ကာ ညနေပိုင်းတွင် ချောင်းဦးမြို့သို့ ပြန်လည် ထွက်ခွါသွားကြောင်း သိရှိရသည်။ သုံးရက်ကြာ ကွင်းဆင်းချိန်အတွင်း ခင်မွန်ကျေးရွာတွင် နေထိုင်သည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံကြရန် တိုက်တွန်းခြင်း၊ ထိုးနှံပေးခြင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အသစ်ထုတ်ပေးခြင်း၊ လဲလှယ်ပေးခြင်း၊ အိမ်ထောင်စု စာရင်းရေးသွင်းခြင်း၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ဒေသတွင်း ဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝင်းမြင့်အောင်(ပြန်ဆက်)