ရေကြည် စက်တင်ဘာ ၁၁
ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် နိုင်ငံရေးပါတီများ၊ လွှတ်တော်အဆင့်ဆင့်မှ ကိုယ်စားလှယ်များ မဲဆွယ်စည်းရုံးရေးကာလတွင် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၀)နာရီခွဲအချိန်က ရေကြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌကိုယ်စား ဦးမြင့်သန်းက မဲဆွယ် စည်းရုံးရန် နည်းလမ်းများ၊ စုဝေးဟောပြောခွင့်လျှောက်ထားခြင်း၊ လျှောက်ထား ခွင့် ရှိသူများ၊ စုဝေးဟောပြောခွင့်ရှိသူများ၊ တားမြစ်ချက်များနှင့် လိုက်နာရမည့်စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိကိုယ်စား တာဝန်ခံ ဒေါ်ခင်မိုးမိုးက အောင်နိုင်ရေး ဆိုင်းဘုတ်စိုက်ထူရာတွင် လိုက်နာရမည့်အချက်များ၊ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ ဇော်အောင်က စုဝေးဟောပြောရာတွင် လိုက်နာရမည့်အချက်များ၊ မြို့နယ်ဒုရဲမှူးဌေးနိုင်က စည်းရုံးရေးခရီးစဉ် များတွင် လိုက်နာရမည့်အချက်များ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဘိုဘိုထွန်းက တည်ဆဲဒေသန္တရဆိုင်ရာ အမိန့်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံရေး ပါတီကိုယ်စားလှယ်လောင်းများက သိရှိလိုသည် များကို ပြန်လည်မေးမြန်းခဲ့ကြောင်း၊ အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ လွှတ်တော်အဆင့်ဆင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်သူဟန် (ပြန်/ဆက်)