ရှမ်းရွာသစ်၊ စက်တင်ဘာ ၁၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးအသိရှိစေရန်နှင့် ကိုဗစ်-၁၉ ရောဂါတို့မှ ကြိုတင်ကာကွယ်ရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် ရှမ်းရွာသစ်မြို့ပေါ်(၄)ရပ်ကွက်နှင့် ပရေကြေထကျေးရွာတို့တွင် ကျန်းမာရေးအသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာနတို့ ပူးပေါင်းပြီး လူစည်ကားရာ နေရာများ၊ လမ်းဆုံလမ်းခွများနှင့် ဈေးဆိုင်များတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏လမ်းညွှန်ချက်များအတိုင်း နေထိုင်သွားလာကြရန်နှင့် (၆) ပေအကွာမှ နေထိုင်ပြီးဈေးရောင်းရန်၊ အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်းများတပ်ဆင်ပြီးမှ သွားလာကြရန်၊ လူစုလူဝေးများရှောင်ကြဉ်ကြရန်၊ လက်ကိုမကြာခဏ စနစ်တကျဆေးကြောရန် စသည့်အချက် များအား Hand Speaker ဖြင့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပြီးနောက် ဒေသနေပြည်သူများအား Hand Gel ဖြင့် လက်သန့်စင်ပေးခြင်း၊ နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေ ပေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါ အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)