ကော့သောင်းမြိုတွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အသံချဲ့စက်များဖြင့် လိုက်လံနှိုးဆော်

ကော့သောင်း၊  စက်တင်ဘာလ ၁၁

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းကာ  ဝန်ထမ်းများ ကော့သောင်းမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအနှံ့ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် သဘာဝဘေးအန္တရာယ်များအား သတိပြုသိရှိစေရန် အသံချဲ့စက်ဖြင့် ယနေ့နံနက် (၉) နာရီအချိန်က လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပေးနှိုးဆော်ရာတွင် ကိုဗစ်၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ရောဂါကူးစက်ပျံ့နှံ့မှုကို ဆက်လက် ထိန်းချုပ်နိုင်ရန်နှင့်ပြည်သူများ တိကျစွာလိုက်နာနိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပညာပေးကြေညာချက်များဖြစ်သည့် လူစု၊ လူဝေးသွားရောက်ခြင်း ရှောင်ကျဉ်ကြရန်၊ ပြင်ပသို့ သွားလာရာတွင် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ကြရန်၊ အပြင်မှပြန်လာပြီးတိုင်း လက်ကို စနစ်တကျ ဆေးကြောသန့်စင်ကြရန် စသည့် ကာကွယ်ရေးနည်းလမ်းများကို ပြည်သူများသိရှိစေရန် နှင့် သဘာဝဘေးအန္တရာယ်များဖြစ်သည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေး၊ ရေဘေး၊  ငလျင်ဘေး စသည့်ဘေးအန္တရာယ်ဆိုင်ရာ သိသင့်သိထိုက်သည်များ၊ ကြိုတင်ကာကွယ်နိုင်မည့်နည်းလမ်းများကို  အသိပညာပေး လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

 ကျော်စိုး (ကော့သောင်း)