ရွှေတောင် သြဂုတ် ၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် နွားမယံကျေးရွာအုပ်စု ကွင်းအမှတ်( ၄၀၈) နွားမယံကွင်းအတွင်းရှိ တောင်သူဦးဌေးဝင်း၏လယ်မြေ (၁၆) ဧကတွင် မိုးစပါးသိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းနှင့်လက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီး (အနောက်)တိုင်းဦးစီးမှူး ဦးစန်းလွင်၊ ခရိုင်စိုက်/ ကြပ်ကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက် / ကြပ် ကော်မတီဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ နွားမယံကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး အဖွဲ့ဝင်များက သစ်တိုင်းကျေးရွာအုပ်စု၊ ဆည်ကြီးကုန်းကျေးရွာအုပ်စုတို့မှ အုပ်ချုပ်ရေးမှူး ရုံးအဖွဲ့ဝင်များ၊ ဒေသခံတောင်သူများ စုစုပေါင်းအင်အား(၇၀)ဦးခန့် တက်ရောက်ခဲ့ပြီး ကောက်စိုက်သမများ ကောက်စိုက်နည်းစနစ် ယှဉ်ပြိုင်စိုက်ပျိုးမှု အခြေအနေကို ကြည့်ရှု အားပေးပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင် နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်တို့က ကောက်စိုက်သမအဖွဲ့အား ဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တက်ရောက်လာသော ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးအဖွဲ့ဝင်များနှင့် ဒေသခံတောင်သူများက မိုးစပါးသိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း