ကျောင်းကုန်း ဩဂုတ် ၁
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကံ့ကော်မြိုင် ကိုယ်ပိုင်အထက်တန်းကျောင်း ၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ကြသူများနှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာရည်ချွန်ဆုနှင်းသဘင် အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ "မြန်မာ့ကျောင်းသီချင်း" နှင့် "ကံ့ကော်မြိုင်သို့ ဖိတ်ခေါ်ချင်" သီချင်းသီဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးတင်မောင်က အမှားအမှန်၊အကောင်းအဆိုးကို လေ့လာသုံးသပ်ပြီး၊ ဆုံးဖြတ်တတ်ဖို့ပညာရေးကို အလေးထားကြစေလိုကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်မြင့်က ဂုဏ်ပြုစကားအဖြစ် အလေ့အကျင့်တစ်ခုပြု ကျင့်သူတို့၏ အောင်ပွဲဖြစ်ကြောင်း ပြောကြားပြီး၊ ကံ့ကော်မြိုင် ကိုယ်ပိုင်ကျောင်းရဲ့ ကျောင်းအုပ်ဆရာကြီး ဦးကံညွန့်က ဒီနှစ်မှာ(၅)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် (၇)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၁၁)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၉)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်(၁၉)ဦး၊ ရိုးရိုးအောင်(၂၄)ဦး၊ အောင်မြင်သူ စုစုပေါင်း (၉၈)ဦး အောင်မြင်ပြီး၊ ၆၈ ရာခိုင်နှုန်း ရှိပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဂုဏ်ထူးရရှိအောင် သင်ကြားပြသပေးသော ဆရာ/ဆရာမများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးတင်မောင်က ဆုများချီးမြှင့်ခဲ့ပြီး၊ (၅)ဘာသာဂုဏ်ထူးရှင် မောင်ဇွဲညီထက်နှင့် (၄) ဘာသာဂုဏ်ထူးရှင်များအားမြို့နယ်ပညာ ရေးမှူး ဦးအောင်ကျော်မြင့် ကဆုချီးမြှင့်ခဲ့သည်။ (၃)ဘာသာ၊ (၂)ဘာသာ၊ (၁)ဘာသာနှင့် ရိုးကိုးအောင်မြင်ကြသူများအား တာဝန်ရှိသူတို့က ဆုများအသီးသီး ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)