ရွာသစ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာ သွားလာနေသော ပြည်သူများအား Mask တပ်ဆင်ရေး အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ရွာသစ် စက်တင်ဘာ ၁၁

ကယားပြည်နယ်၊ ရွာသစ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန်နှင့် ထိန်းချုပ် ကုသနိုင်ရန်အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင်ရေး အသိပညာပေးခြင်း လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက ယမန်နေ့ နံနက် (၁၀) နာရီ အချိန်၌ လူသွား လူလာများသော လမ်းလေးဆုံနှင့် မြို့အဝင်နေရာတို့တွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ ဖြစ်ကြသော မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် စည်ပင် သာယာရေးအဖွဲ့၊ အမျိုးသမီးရေးရာ အဖွဲ့တို့နှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် လမ်းပေါ်တွင် သွားလာနေသော ပြည်သူများအား မိမိတို့ နေအိမ်ပြင်ပကို ထွက်ခွာသွားလာပါက မဖြစ်မနေ Mask တပ်ဆင် သွားလာရန် နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်သွားရန် အသိပညာပေးပြီး Mask တပ်ဆင်ခြင်း မရှိသော ပြည်သူများအား Mask များ ဖြန့်ဝေပေးခြင်း၊ အသိပညာပေး နံရံကပ် ပိုစတာများလည်း လိုက်လံကြေညာ ကပ်ထားကြောင်း သိရှိရသည်။

နန်းဆွေဆွေအေး(ပြန်/ဆက်)