ဘားအံမြို့တွင် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းဆင်း

ဘားအံ ဇူလိုင် ၃၀

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့်  အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော အိမ်တွင်းလျှပ်စစ် သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့၊ လှာကမြင် (ကွက်သစ်)ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက စားဝတ်နေရေး အဆင်ပြေ ချောမွေ့စေရန်နှင့် မိသားစုနောင်ရေးအတွက် တစ်နိုင်တစ်ပိုင်လုပ်ကိုင်စားသောက်နေထိုင်နိုင်ရန် ရည်ရွယ်၍ ကျွမ်းကျင်မှုကိုအခြေခံသည့် သက်မွေးသင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ သင်တန်းမှသင်ကြားပေးခဲ့သည့်သင်ခန်းစာများကို ခဏတာ လေ့လာ၍မရဘဲ တစ်ဘဝစာသင်ယူ လေ့လာပြီး မိမိတို့၏စိတ်ကူးစိတ်သန်း၊ အကြံဉာဏ်များဖြည့်စွက်၍ တီထွင်ကြံဆ လုပ်ကိုင်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ မလွဲမသွေရရှိလာမည်ဖြစ်ကြောင်း၊ မိမိတက်ကျွမ်းထားသည့် ပညာ ရပ်များဖြင့် မိမိရပ်ရွာအကျိုး၊ မိမိဒေသအကျိုးကို စွမ်းစွမ်းတမံ ဝိုင်းဝန်းဆောင်ရွက်ပေးကြစေ လိုကြောင်း ပြောကြား သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းထူးချွန်ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ပြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ပြည်နယ်လူမှုရေးဝန်ကြီးဦးစိုးလွင်က သင်တန်းဆင်းလက်မှတ်နှင့် ထောက်ပံ့ ပစ္စည်းများပေးအပ်ကာ သင်တန်းသား တစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းသားများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေး၍ သင်တန်းသားများကိုယ်တိုင် ဆောင်ရွက်ထားသော သင်တန်းဆင်း လက်ရာများအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)