ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဘားအံ ဇူလိုင် ၃၀

ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဒေသတွင်း ဓာတ်မြေဩဇာသုံးစွဲခြင်းကို လျှော့ချ၍ သဘာဝမြေဩဇာများကို အစားထိုး သုံးစွဲလာစေရေးအတွက် လုပ်ငန်းရှင်များအား ရင်းနှီးမြှုပ်နှံရန်ဖိတ်ခေါ်ဖို့လိုကြောင်း၊ ဘားအံမွေးမြူရေးဇုန်သစ်ကို ဖော်ထုတ်ပေးခဲ့သည်အတွက် ငွေကျပ် ရှစ်ဘီလီယံကျော်ခန့်ကို ဒေသခံမွေးမြူရေးလုပ်ငန်းရှင်များက ရင်းနှီးမြှုပ်နှံခဲ့ကြပြီး ထပ်မံရင်းနှီးမြှုပ်နှံမည့်သူများလည်း ရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်၍ ပိုမိုရင်းနှီးမြှုပ်နှံလာစေရန် ဖိတ်ခေါ်ဖို့လိုပြီး ထိုသူများသက်သာခွင့်ရရှိရန် ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူး ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှုဦးစီးဌာန ညွှန်ကြားရေးမှူးဦးနိုင်ဝင်းတိုးက ပြည်သူဓနကုမ္ပဏီ လီမိတက်၏ စီးပွားဖြစ်စတင်ရန် တင်ပြထားခြင်းအပေါ် ကွင်းဆင်းစစ်ဆေးခဲ့မှုအခြေအနေ၊ ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်ပြောင်းလဲခြင်း၊ Top Form Myanmar Co.,Ltd ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို တင်ပြရှင်းလင်းပြီး အစည်းအဝေးသို့ တက်ရောက် လာသော ကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်  အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)