ပဲခူးမြို့တွင် တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော်၏ ဘဏ္ဍာငွေများ လေလွင့်မှု မရှိစေရေး စနစ်တကျ ကြီးကြပ်ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှာကြား

ပဲခူး ဇူလိုင် ၃၀

ပဲခူးမြို့တွင် တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော်၏ ဘဏ္ဍာငွေများ လေလွင့်မှုမရှိစေရေး စနစ်တကျ ကြီးကြပ်ဆောင်ရွက်ရန် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့ တိုင်းဒေသကြီးအတွင်း ရာသီဥတု အခြေအနေအရ မိုးစပါးနှင့်မိုးသီးနှံများအတွက် စိုက်ပျိုးရေ လုံလောက်စွာရရှိစေရေး အထူးအလေးထား ဆောင်ရွက်ပေးမည်ဖြစ်၍ မြို့နယ်အလိုက် စိုက်ပျိုးရေ အခက်အခဲများရှိပါက တင်ပြပေးရန်နှင့် လိုအပ် ပါကဆိုလာစနစ်ဖြင့် ရေတင်စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ အိမ်ထောင်စု လူဦးရေစာရင်းပုံစံ(၆၆/၆)အား Server Program အတွင်း ထည့်သွင်းမှုသည် နိုင်ငံတော်စီမံကိန်းဖြစ်၍ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပြီး လိုအပ်ချက်များအလိုက် အချိန်မီဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တည်ဆောက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော်၏ ဘဏ္ဍာငွေများ လေလွင့်မှုမရှိစေရေး သက်ဆိုင်ရာဌာနများက စနစ်တကျ ကြီးကြပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများ အချိန်မီပေးသွင်းနိုင်ရေး ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာရုံးများ အစဉ်အမြဲ သန့်ရှင်းသပ်ရပ်စေရေးနှင့် ဌာနဆိုင်ရာကိစ္စရပ်အတွက် ရုံးပြင်ပသွားလာရာတွင် အဖွဲ့အစည်းဖြင့် သွားလာရန်နှင့် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် နေထိုင်ကြရန်လိုအပ်ကြောင်း၊ ဌာနဆိုင်ရာ တည်ဆောက်ရေးပစ္စည်းများ လမ်းဘေး၌စုပုံထားရှိမှုများအား လုံခြုံသည့်နေရာတွင် စနစ်တကျ ပြန်လည်သိမ်းဆည်းထားရန်၊ သဘာဝ ဘေးအန္တရာယ်နှင့်ပတ်သက်၍ ရပ်ကွက်/ ကျေးရွာအလိုက် အသိပညာပေးခြင်းလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန်၊ ထူးခြားဖြစ်စဉ်များအား အချိန်နှင့်တစ်ပြေးညီ တင်ပြသွားရန် ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ရုံးလုပ်ငန်းများ၊ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ပုံမှန်ဆောင်ရွက်နေမှု အခြေအနေများအား အသီးသီး တင်ပြခဲ့ကြပြီး အစိုးရအဖွဲ့ တာဝန်ရှိသူများက ဘဏ္ဍာငွေ အရ/ အသုံးဆိုင်ရာ ကိစ္စရပ်များ၊ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများ ကောက်ခံမှုအခြေအနေများ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များအား အကြံပြု တင်ပြဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)