ပွင့်ဖြူ ဇူလိုင် ၃၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ယခု ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ်မှစတင်ပြီး ဆည်ရေပေးဝေမှု တိုးတက်ခေတ်မီရေးနှင့် ဆည်မြောင်းဆိုင်ရာ သုတေသနလုပ်ငန်းစီမံကိန်း အစီအစဉ်ဖြင့် မဲဇလီဆည်ရေသောက်စနစ်ရှေ့ပြေးဧရိယာ ဧက ၁၀၀၀ စိုက်ပျိုးရေးကဏ္ဍ အကျိုးပြုလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဒေသခံ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင် ၃၀ ရက် ၊ ယနေ့ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ် တောင်အင်းကျေးရွာ ရွာလယ်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရဲထွဋ်အောင်က ဒေသခံ တောင်သူများ မဲဇလီရေလွှဲဆည်ရေဖြင့် ရာသီအလိုက် သီးနှံများစိုက်ပျိုးရာတွင် စိုက်ပျိုးရေး လေလွင့်ဆုံးရှုံးမှု မဖြစ်စေရေး တောင်သူအစုအဖွဲ့များဖြင့် ရေအသုံးချသူများအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက် ပေးထားပါကြောင်း၊ ယခု ၂၀၂၂ -၂၀၂၃ ဘဏ္ဍာ ရေးနှစ်မှ စပြီး ဆည်ရေပေးဝေမှု တိုးတက်ခေတ်မီ ရေးနှင့် ဆည်မြောင်းဆိုင်ရာသုတေသနလုပ်ငန်းစီမံကိန်းကို (၅)နှစ် စီမံကိန်းအဖြစ် အကောင် အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်းနှင့် စီမံကိန်းလုပ်ငန်းနှင့် စပ်လျဉ်းပြီး ဒေသခံ တောင်သူ များ သိရှိနိုင်ရန်နှင့် လိုအပ်သည်များ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် တွေ့ဆုံ ဆွေးနွေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် ဒေသခံ တောင်သူများက စီမံကိန်းလုပ်ငန်းနှင့်ပတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်း၏ အကျိုးကျေးဇူးများကို ပြန်လည် ရှင်းလင်းဖြေကြားပေးခဲ့သည်။
အဆိုပါ ဆည်ရေပေးဝေမှု တိုးတက်ခေတ်မီရေးနှင့် ဆည်မြောင်းဆိုင်ရာသုတေသနလုပ်ငန်းစီမံကိန်းကို ခွင့်ပြုရန်ပုံငွေ ကျပ် ၅၉၀ သန်းဖြင့် (၅)နှစ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခု ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေး နှစ်တွင် စီမံကိန်းမှ ခွင့်ပြုရန်ပုံငွေကျပ် ၁၁၅ သန်း အသုံးပြု၍ စီမံကိန်းလုပ်ငန်းတွင် ပါဝင်သော သုတေသနလုပ်ငန်းအတွက် ရေတိုင်းတာခြင်း၊ မိုးရေချိန် တိုင်းတာခြင်း၊ ရေငွေ့ပျံနှုန်းတိုင်းတာခြင်း၊ မြေအောက်ရေ အနိမ့်အမြင့် တိုင်းတာခြင်း၊ မြေဆီလွှဲနှင့် ရေအရည်အသွေးစစ်ဆေးခြင်းများ ဆောင်ရွက်ခြင်းအပြင် တည်ဆောက်ရေးလုပ်ငန်းအနေဖြင့် ရေသွင်းမြောင်းနှင့် ရေထုတ်မြောင်းများ ကောင်းမွန်စေရေး ပြုပြင်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်း၊ ရေပေးပြွန်များ အဆင့်မြှင့်တင်ခြင်း၊ ရေတံခါးတပ်ဆင်ခြင်း၊ ရေဆိုးထုတ်မြောင်းများ တူးဖော်ခြင်း၊ ရေသွင်းရေထုတ်စနစ်ရှိ အဆောက်အအုံများ ပြုပြင်ခြင်းနှင့် အသစ်တည်ဆောက်ခြင်း ကုန်ထုတ်လမ်းများ ပြုပြင်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရဲထွဋ်အောင်ထံမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )