ဘုတ်ပြင်း ဇူလိုင် ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်အတွင်းရှိ ဆလုံ(မော်ကယ်)တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ၂၀၂၂-၂၀၂၃၊ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေဖြင့် တိုင်းရင်းသားရေးရာဝန်ကြီးက ဆန်၊ ဆီ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် (၀၉၃၀) နာရီအချိန်က ဘုတ်ပြင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သပြေခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင် လူသာက တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များ၊ စာပေ၊ ယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းရင်းသား များ၏ အခွင့်အရေးများ၊ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ကိစ္စရပ်များကို အစဉ်အမြဲ အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တနင်္သာရီတိုင်းအတွင်းရှိ ဆလုံတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ရေးလုပ်ငန်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နှစ်စဉ်ပံ့ပိုး ပေးလျက်ရှိရာ ယခုနှစ်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေ ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ဘုတ်ပြင်းမြို့နယ်နှင့် ကော့သောင်းမြို့နယ်ရှိ မော်ကယ်ဆလုံလူမျိုးများ အတွက် ဆန်နှင့်ဆီများကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာရေးနှစ်တွင် ဘုတ်ပြင်းမြို့နယ်၌ ကျေးရွာပေါင်း(၅)ရွာရှိ ဆလုံလူမျိုးများအတွက် ဂဏန်းပိုက်(၄၁၅)ခုနှင် ဖိုင်ဘာလှေ (၈၃)စီးကိုလည်းကောင်း၊ ကော့သောင်းမြို့နယ်အတွင်းရှိ ကျေးရွာ(၅)ရွာအတွက် ဖိုင်ဘာလှေ(၁၀၀)စီးနှင့်ကင်းမွန်မျှား(၅၀၀)ခုတို့ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဆလုံတိုင်းရင်းသားများ ကလေးသူငယ်များအတွက် ရုပ်ပြ၊ ပုံပြင်စာအုပ်များ၊ စာပေဆရာအဖြစ် မွမ်းမံသင်တန်းနှင့် စာပေပြန့်ပွားရေးသင်တန်းများ ကျင်းပနိုင်ရေး အတွက် ရန်ပုံငွေများ ထောက်ပံ့ပေးအပ်လျက်ရှိပြီး နောက်လာမည့်နှစ်များတွင် ယခုကဲ့သို့ ဆလုံတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းရင်းသားရေးရာဝန်ကြီးက ဘုတ်ပြင်းမြို့ အလယ်မန်ကျေးရွာအုပ်စု ကျေးရွာ(၂)ရွာ နှင့်၊ ကရသူရိမြို့ မသေကျေးရွာအုပ်စု ကျေးရွာ(၃)ရွာမှ ဆလုံတိုင်းရင်းသားများ အိမ်ထောင်စု(၉၅)စုရှိ ဆလုံတိုင်းရင်းသားများကို အိမ်ထောင်စုတစ်စုလျှင် ဆန်နှစ်အိတ်ဆီတစ်ပုံးနှုန်းဖြင့် ဆန်(၂၄)ပြည် အိတ်(၁၉၀) အိတ်၊ ဆီ (၅)ပိသာဆံ့ဆီပုံး(၉၅)ပုံးတို့အား ထောက်ပံ့ပေးခဲ့ရာမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ထိုသို့ထောက်ပံ့မှုအတွက် ဆလုံစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးငွေဝင်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍တိုင်းရင်းသားရေးရာဝန်ကြီးသည် တက်ရောက်လာသည့် ဒေသခံများ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေးပြီး ဒေသခံများတင်ပြသည့် ဒေသအတွင်း ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရှိမှု အခြေအနေတို့အား ဆွေးနွေးညှိနှိုင်းပေးခဲ့ကာ ကျန်ရှိနေသည့် အချက်အလက်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ကဏ္ဍအသီးသီးအလိုက် ပြန်လည်တင်ပြသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဘုတ်ပြင်း(ပြန်/ဆက်)