ဆိပ်ဖြူမြို့နယ်တွင် ကုန်းတွင်းမိုးသီးနှံ စိုက်ပျိုးတောင်သူများ  မိုးရွာသွန်းမှုနည်းပါးခြင်းကြောင့် မိုးသီးနှံစိုက်ပျိုးမှုနောက်ကျ

ဆိပ်ဖြူ ဇူလိုင် ၃၀

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်ရှိ ဒေသခံတောင်သူများသည် မိုးရွာသွန်းမှုနည်းပါးခြင်းကြောင့် စိုက်ပျိုးရေလုံလောက်စွာ မရရှိသေးသည့်အတွက် မိုးသီးနှံ စိုက်ပျိုးမှုနောက်ကျနေကြောင်း သိရှိရသည်။

ဆိပ်ဖြူမြို့နယ်ရှိ ဒေသခံတောင်သူများသည် မိုးတွင်းကာလ ဇွန်လနှင့် ဇူလိုင်လအတွင်း၌ ကုန်း စိုက်ခင်းများ ယာစိုက်ခင်းများ၌ မိုးရေဖြင့် မိုးသီးနှံ ပဲတီစိမ်း၊ မြေပဲနှင့် ပဲစင်းငုံ များကို စတင် စိုက်ပျိုးကြပြီး သီတင်းကျွတ်လပြည့်ကျော်နှင့် တန်ဆောင်မုန်းလတို့တွင် စိုက်ပျိုးသီးနှံများ ပြန်လည်ရိတ်သိမ်းတူးဖော်ကြရသည်။  ယခုနှစ် မိုးသီးနှံစိုက်ပျိုးချိန် ကာလတွင် မိုးရွာသွန်းမှု နည်းပါးနေခြင်းကြောင့် မိုးရေဖြင့် စိုက်ပျိုးရသည့် မိုးသီးနှံစိုက်ခင်းများ မြေပြင်ဆောင်ရွက် ထားရှိပြီးသော်လည်း စိုက်ပျိုးမှုများ မပြုလုပ်ရသေးကြောင်း၊ အချို့စိုက်ပျိုးပြီး မြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရေးအတွက် မိုးရွာမည့်နေ့ကို မျှော်လင့်လျက်ရှိပြီး တောင်သူအများစုအနေဖြင့် မိုးဖြိုင်ဖြိုင်ရွာသွန်းပြီး စိုက်ပျိုးရန် လုံလောက်သည့် အစိုဓာတ်ရရှိမှသာလျှင် မိုးသီးနှံစိုက်ပျိုးခြင်း လုပ်ငန်းများ ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း မိုးသီးနှံစိုက်ပျိုးမည့် တောင်သူများထံမှ သိရှိရသည်။   

စိုးလင်းနိုင်