ပြည်ထောင်စုဝန်ကြီးဦးလှမိုး ရေတာရှည်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ရေတာရှည် ဇူလိုင် ၃၀

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့်အဖွဲ့သည် ဇူလိုင်လ ၃၀ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ကျေးလက်နေပြည်သူများ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေတာရှည်မြို့နယ် ကွင်းကြီး​ကျေးရွာအုပ်စု၊ ကြို့ပင်သာကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တိုင်း​ဒေသကြီးခွင့်ပြု ရန်ပုံငွေ (၂၆.၁၆၀) သန်းဖြင့် ကျေးရွာနေပြည်သူများ သန့်ရှင်း သော သောက်သုံးရေဖူလုံစွာရရှိရေး အိမ်ထောင်စု (၁၁၅) စုလူဦးရေ (၄၄၇) ဦး အကျိုးပြုမည့် ဆိုလာစနစ်ဖြင့် ရေပေး​ရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ဝန်ကြီးနှင့်အဖွဲ့သည် သ​ပြေတန်း​ကျေးရွာအုပ်စု၊ သ​ပြေတန်း​ကျေးရွာအနီးရှိ ယွန်းလျှံ" လယ်ယာအ​ထောက်အကူပြုစခန်းတွင် ကျင်းပပြုလုပ်သည့် မြို့နယ်အတွင်းရှိ ကန်ထရိုက် လယ်ယာတောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်၍ တောင်သူများ ၏ လိုအပ်ချက်များအား ဖြည့်ဆည်းနိုင်​ရေး ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့သည်။

ထို့​နောက် ကျေးလက်လမ်းဖွံ့ဖြိုး​ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တိုင်း​ဒေသကြီးရန်ပုံငွေ ကျပ် (၂၁၁) သန်းဖြင့် ဆောင်ရွက်​နေသည့် ကျေးရွာ () ရွာ၊ အိမ်​ခြေ (၈၈၁) အိမ်၊ လူဦးရေ (၃၃၇၆) ဦး၊ လယ်ယာမြေ (၄၅၃) ဧကအား အကျိုးပြုသည့် ပိ​တောက်ခင်​ကျေးရွာအုပ်စုရှိ ညောင်ပင်ကိုင်း-ပိ​တောက်ခင်-ရွာသစ်ကျေးရွာချင်းဆက် ကွန်ကရစ်လမ်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ရေတာရှည်(ပြန်/ဆက်)