ဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်

ရေဦး ဇူလိုင် ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့နယ်မီးသတ်ဦးစီးဌာနမှူးရုံးတွင် ယမန်နေ့နံနက် ၇ နာရီက ဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်လျက်ရှိသည်။

ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဆာမူအဲနှင့် ဒုမီးသတ်ဦးစီးမှူး ဦးအောင်နိုင်တို့ဦးဆောင်၍ လေ့ကျင့်ရေးမျှော်စင် အထက်အောက် အတက်အဆင်းပြုလုပ်ခြင်း၊ မြေပြင်မှမျှော်စင်ပေါ်သို့ ကြိုး‌သွယ်တန်း ကူးပြခြင်းတို့ကို သင်ကြား ပြသပေးခဲ့သည်။ ဆက်လက်ပြီး သန္ဓေတပ်ဖွဲ့၀င်များက အရေးကြုံသက်လုံကောင်းရန်အတွက် ဆက်လက်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။

ဇာတ်တိုက်ခေ့ကျင့်မှုနှင့်ပတ်သက်၍ “ကျွန်တော်တို့ ရေဦးမြို့နယ်မှာ ယခင်ကလို မဟုတ်တော့ဘူး၊ ထပ်မြင့်အဆောက်အဦတွေများလာတယ်၊ ဧည့်ရိပ်သာ၊ စတိုးဆိုင်၊ ဘဏ်၊ မိသားစုနေအိမ်တိုက်တာတွေမှာ ငါးထပ်အထိ ဆောက်လုပ်လာကြတယ်၊ အထပ်မြင့်တော့ ရုတ်တရက် ဘေးအန္တရာယ်ကြုံခဲ့လျှင် အန္တရာယ်များပါတယ်၊  မြေပြင်မှာကယ်ဆယ်‌ရေး လုပ် ရတာလွယ်ပေမဲ့ အထပ်မြင့်မှာကယ်ဆယ်ရေးလုပ်ဖို့ဆို လေ့ကျင့်ထားမှရမယ်၊ အားလုံးအတွက် အသက်အန္တရာယ်ရှိပါတယ်၊ ထို့တွက် ကြိုတင်လေ့ကျင့်နေကြခြင်းဖြစ်တယ်” ဟု ဒုမီးသတ်ဦးစီးမှူးက ပြောသည်။

သန်းသန်း (ပြန်/ဆက်)