ဘိုကလေး ဇူလိုင် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ တတိယလှိုင်း ဖြစ်ပွားသည့် ကာလအတွင်း ကိုယ်ကျိုးစွန့်၍ နေ့/ညမပြတ် အဖက်ဖက်မှ ကူညီဆောင်ရွက်ခဲ့သည့် စေတနာ့ဝန်ထမ်းများအား မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်၌ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ ဂုဏ်ပြုမှတ်တမ်းလွှာများသည် ဧရာဝတီတိုင်းဒေသကြီး၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ကိုယ်စား မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ပေးအပ်ခြင်း ဖြစ်ပြီး အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကံဝင်းမှ ကိုဗစ်-၁၉ ကူးစက် ရောဂါ ကာကွယ်ထိန်းချုပ်ခဲ့သည့် တတိယလှိုင်း ကာလတွင် မေတ္တာ၊ စာဂ၊ ဝီရိယကို အခြေခံ၍ ပါဝင်ဆောင်ရွက်ခဲ့သည့် စေတနာ့ဝန်ထမ်းများအား အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းတင် ပါကြောင်း၊ နောင်တွင်လည်း ကူညီဆောင်ရွက်ရန် ကိစ္စရပ်များရှိပါက ပူးပေါင်းပါဝင်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ တာဝန်ရှိသူများမှ ပါဝင်ကူညီခဲ့ကြသည့် စေတနာ့ဝန်ထမ်းများ ဖြစ်ကြသော မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ လူမှုကရုဏာ နာရေးကူညီမှုအသင်း၊ မေတ္တာဝါဒီ၊ သုခဝေဖြာ၊ အဖြူရောင်နှလုံးသား၊ ကုမုဒြာ ပရဟိတဖောင်ဒေးရှင်းအသင်းများ နှင့် အောက်စီဂျင်အဖွဲ့ တို့မှ စုစုပေါင်း စေတနာ့ဝန်ထမ်း (၂၀၃)ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့် ခဲ့ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)