စလင်း ဇူလိုင် ၂၉
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ဧရာဝတီမြစ်ရိုးတစ်လျောက် နေထိုင်ကြသည့်ပြည်သူများ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ စလင်းမြို့နယ် သနပ်ကုန်းကျေးရွာအုပ်စု သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ရေပြင်ရှာဖွေကယ်ဆယ်ခြင်း၊ ဇာတ်တိုက်လေ့ကျင့်မှုသရုပ်ပြပွဲကို သနပ်ကုန်းကျေးရွာအနီး ဧရာဝတီမြစ်ဆိပ်အနီး ဝန်းကျင်၌ ယမန်နေ့ နံနက်၁၀နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသရုပ်ပြပွဲ ရေဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်နေမှုပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင် ကြီးကြပ်ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းဗိုလ်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့အသင်းဥက္ကဋ္ဌ ဦးမင်းအောင်နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျေးလက်နေပြည်သူများ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ကြသည်။
ထို့နောက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ်များဖြစ်သည့် မုန်တိုင်းအန္တရာယ်နှင့် ရေကြီးခြင်းတို့ဖြစ်ပေါ်လာပါက အမြန်ဆုံးကူညီကယ်ဆယ်နိုင်ရေးအတွက် ရေပြင်ရှာဖွေကယ်ဆယ်ခြင်း လုပ်ငန်းအဆင့်ဆင့်နှင့် လူနှင့်အသက်ကယ် ပစ္စည်းများကို အသုံးပြုဇာတ်တိုက်လေ့ကျင့်ပြုလုပ်ခဲ့ရာ ရေပြင်ရှာဖွေကယ်ဆယ်ခြင်း လုပ်ငန်းများထဲမှ မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးမင်းအောင် ဦးဆောင်သော မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ရေနစ်သူရှေးဦးသူနာပြုစုခြင်း၊ အသက်ကယ် ပြုစုပုံအဆင့်ဆင့်နှင့် ကျန်းမာရေးစောင့်ရှောက်မှု အဆင့်ဆင့်တို့ကို သရုပ်ပြသခဲ့ကြသည်။ ယခုလိုဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ထားရခြင်းဖြင့် အချိန်တိုအတွင်း ထိရောက်သော ကူညီမှုများ ဆောင်ရွက်ပေးနိုင်ကြောင်းနှင့် စလင်းမြို့နယ်၏ နှစ်စဉ်သဘာဝဘေးအန္တရာယ်ကျရောက်ခြင်းနှင့်ပါတ်သက်သည်များ မြို့နယ်အတွင်းရှိ ကျေးရွာများ ရေကြီးနစ်မြှုပ်ခြင်းနှင့်ပတ်သက်သည့်များတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်မှ အကျယ်တစ်ဝန်းရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဝင်းမှ ရေဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း၊ ရေဘေးအဖြစ်များသည့် စလင်းမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ရိုးတစ်လျောက်ရှိ ကျေးရွာများ ၂၀၂၂ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ခဲ့သည့် သနပ်ကုန်းကျေးရွာနှင့် ကျေးရွာများစွာ၏ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် အချက်အလက်များနှင့် ရေဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ရခြင်း၏ ရည်ရွယ်ချက်များကို ပြည့်စုံစွာရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရသည်။
မောင်လွင်(စလင်း)