ထားဝယ်မြို့တွင်တရားရုံးကဦးဆောင်သည့်စေ့စပ်ဖြေရှင်းရေးစနစ် အကောင်အထည်ဖော်ခြင်း မိတ်ဆက် ရှင်းလင်းခြင်း အခမ်းအနားကျင်းပ

ထားဝယ် ဇူလိုင် ၂၉

တရားမမှုများတွင် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် အကောင်အထည်ဖော်ဆောင်ရွက်သည့် မိတ်ဆက်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ တနင်္သာရီ တိုင်းဒေသကြီးတရားလွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်များတွင် တရားရုံးကဦးဆောင်သည့်စေ့စပ်ဖြေရှင်းရေး စနစ်ကို၁-၈-၂၀၂၂ရက်နေ့မှစတင်ပြီး တစ်ပြိုင်တည်းအကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ တရားရုံးက ဦးဆောင်သည့်စေ့စပ်ဖြေရှင်းရေးဆိုသည်မှာ တရားရုံး၌စွဲဆိုပြီးဖြစ်သော တရားမမှုများအား အမှုသည်တို့၏ ဆန္ဒအရဖြစ်စေ၊ သတ်မှတ်ချက်အရဖြစ်စေ တရားရုံးရှိ စေ့စပ်ဖြေရှင်းရေးဌာန၌ အမှုသည်များကိုယ်တိုင်ပါဝင်ပြီး စေ့စပ်ဖြေရှင်းရာတွင်တရားရုံးကတာဝန်ပေးအပ် သည့် စေ့စပ်ဖြေရှင်းရေးအရာရှိ တစ်ဦးက အမှုသည်များအကြား ကြားဝင်ကူညီဆောင်ရွက်ပေးခြင်းဖြင့် အငြင်းပွားမှုကို ဖြေရှင်းခြင်းဖြစ်ကြောင်း၊ တရားရုံးသို့ စွဲဆိုတင်ပို့လာသော တရားမမှုများ အနက် မိသားစုဆိုင်ရာအငြင်းပွားမှုများ၊ငွေကြေးဆိုင်ရာ အငြင်းပွားမှုများနှင့် ကူးသန်းရောင်းဝယ် ရေးဆိုင်ရာအငြင်းပွားမှုများကို အမှုမကြားနာမီအဆင့်တွင် စေ့စပ်ဖြေရှင်းရေး ဆောင်ရွက်ရမည်ဖြစ်ပြီး ကျန်အမှုများတွင်အမှုသည်များ ဆန္ဒရှိလျှင်စေ့စပ်ဖြေရှင်းရေး ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ စေ့စပ်ဖြေရှင်းရေးစနစ်အောင်မြင်စေရေးအတွက် ဝိုင်းဝန်မီးကူညီပံ့ပိုးဆောင်ရွက်ပေးကြ ရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဒေါ်ခင်ပြုံးရီနှင့် စေ့စပ်ဖြေရှင်းရေးအရာရှိ ဒေါ်ခင်ဌေးမော်တို့ ကတရားရုံးများတွင် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

အခမ်းအနားသို့ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးဥပဒေရုံးမှ တိုင်းဥပဒေအရာရှိ၊ တိုင်းဒေသကြီး ဥပဒေအထောက်အကူပြုရေးအဖွဲ့ ဥက္ကဋ္ဌနှင့်ခရိုင်နှင့်မြို့နယ် တရားရုံးမှတရားရေးအရာရှိများ၊ တရားသူကြီးများ၊ တရားလွှတ်တော်ရှေ့နေများ တက်ရောက်ခဲ့ ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)