နတ်တလင်းမြို့နယ်တွင် မိုးကြိုးထိမှန်သေဆုံးသူနှင့် လေဘေးသင့် နေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်

နတ်တလင်း ဇူလိုင် ၂၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်တွင် မိုးကြိုးဘေးကြောင့် သေဆုံးသူတစ်ဦးနှင့် လေဘေးသင့် အိမ်ထောင်စုများအား သာယာဝတီခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီက မြို့စိုးကျေးရွာအုပ်စု ဘုန်းတော်ကြီးကျောင်း၌ လေဘေးသင့်အိမ်ထောင်စုများထံ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ခြင်းကို နတ်တလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့် အဖွဲ့ဝင်များ၊  သာယာဝတီခရိုင်ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများမှ ဇူလိုင် ၂၆ ရက်နေ့က မြို့စိုးကျေးရွာအုပ်စု၊ သပွတ်ကြီးတောကျေးရွာတွင် မိုးကြိုးဘေးကြောင့် သေဆုံးသူတစ်ဦးအတွက် ထောက်ပံ့ငွေ (၃) သိန်းကျပ်၊ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲနေအိမ် (၁)လုံးနှင့် အမိုးလန်နေအိမ် (၂၄)လုံးတို့အတွက်  အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၉၉၀၀၀၀)ကျပ်၊ အိမ်ထောင်စုများရှိ လူဦးရေ(၈၄)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုး ထောက်ပံ့ငွေ (၁၇၆၄၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၄၆၆၄၀၀) ကျပ်အား အိမ်ထောင်စုများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး