ကျွန်းစု ဇူလိုင် ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်းရှိ ဆလုံ(မော်ကယ်)တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ယနေ့နံနက်(၉)နာရီခွဲက ကျွန်းစုမြို့၊ မြို့နယ်ခန်းမ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၀၂၂-၂၀၂၃၊ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေဖြင့် တိုင်းရင်းသားရေးရာဝန်ကြီးက ဆန်၊ ဆီ၊ သစ်ထွင်းလှေနှင့် ကင်းမွန်မျှားများ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ စာပေ၊ ယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းရင်းသားများ၏ အခွင့်အရေးများ၊ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ကိစ္စရပ်များကို အစဉ်အမြဲ အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တနင်္သာရီတိုင်းအတွင်းရှိ ဆလုံတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ရေးလုပ်ငန်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နှစ်စဉ်ပံ့ပိုးပေးလျက်ရှိရာ ယခုနှစ်တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေ ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ကျွန်းစုမြို့နယ်ရှိ ရွာပေါင်း(၁၂)ရွာရှိ ဆလုံလူမျိုးများအတွက် ကင်းမွန်မျှား(၁၇၀)ခု၊ သစ်ထွင်းလှေ(၃၄)စီး၊ ဆန်နှင့်ဆီများကိုလည်း ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ဘုတ်ပြင်းမြို့နယ်နှင့် ကော့သောင်းမြို့နယ်ရှိ မော်ကယ်ဆလုံလူမျိုးများ အတွက် ဆန်နှင့်ဆီများကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာရေးနှစ်တွင် ကျွန်းစုမြို့နယ်ရှိ ရွာပေါင်း(၁၁)ရွာရှိ ဆလုံလူမျိုးများအတွက် ကင်းမွန်မျှား(၂၁၅)ခု၊ ဖိုင်ဘာလှေ(၄၃)စီးကိုလည်းကောင်း၊ ဘုတ်ပြင်းမြို့နယ်ရှိ ကျေးရွာပေါင်း(၅) ရွာရှိ ဆလုံလူမျိုးများအတွက် ဂဏန်းပိုက်(၄၁၅)ခုနှင် ဖိုင်ဘာလှေ(၈၃)စီးကို လည်းကောင်း၊ ကော့သောင်းမြို့နယ်အတွင်းရှိ ကျေးရွာ(၅)ရွာအတွက် ဖိုင်ဘာလှေ (၁၀၀)စီးနှင် ကင်းမွန်မျှား(၅၀၀) ခု တို့ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဆလုံတိုင်းရင်းသား ကလေးသူငယ်များအတွက် ရုပ်ပြ၊ ပုံပြင်စာအုပ်များ၊ စာပေဆရာအဖြစ် မွမ်းမံသင်တန်းနှင့် စာပေပြန့်ပွားရေးသင်တန်းများ ကျင်းပနိုင်ရေးအတွက် ရန်ပုံငွေများ ထောက်ပံ့ပေးအပ်လျက်ရှိပြီး နောက်လာမည့် နှစ်များတွင် ယခုကဲ့သို့ ဆလုံတိုင်းရင်းသားများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆက်လက်ထောက်ပံ့ပေးအပ် သွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တိုင်းရင်းသားရေးရာဝန်ကြီးက ဆလုံတိုင်းရင်းသားများအတွက် ကင်းမွန်မျှား(၁၇၀)ခု၊ သစ်ထွင်းလှေ(၃၄)စီးနှင့် ဆန်(၂၄)ပြည်အိတ်(၅၂၀)အိတ်၊ ဆီပိဿာ(၁၃၀၀)တို့အား ထောက်ပံ့ပေးခဲ့ရာ ဒုံးပုလဲအော်ကျေးရွာအုပ်စု၊ ရေမြစ်ကြီးကျေးရွာအုပ်စု၊ တာလပိုင်းကျေးရွာ အုပ်စုများရှိ ဆလုံတိုင်းရင်းသားများမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ထိုသို့ ထောက်ပံ့မှု အတွက် ဆလုံစာပေနှင်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးငွေဝင်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းရင်းသားရေးရာဝန်ကြီးသည် တက်ရောက်လာသည့် ဒေသခံများ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေးပြီး ဒေသခံများ တင်ပြသည့် ဒေသအတွင်း ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရှိမှု အခြေအနေတို့အား ဆွေးနွေးညှိနှိုင်း ပေးခဲ့ကာ ကျန်ရှိနေသည့် အချက်အလက်များအား တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ကဏ္ဍအသီးသီး အလိုက် ပြန်လည်တင်ပြသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)